close

ကရင်နီပြည်နယ်အတွင်း စစ်ကောင်စီတပ်က တာဝေးပစ်ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်

ကရင်နီ (ကယား) ပြည်နယ်အတွင်း ဖေဖော်ဝါရီ ၁၅ ရက်ကနေ မတ်လ ၁၆ ရက်အထိ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားခဲ့ရာမှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲခဲ့ရုံသာမက မြေပြင်မှာလည်း  တာဝေးပစ်ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက် ခိုက်ခဲ့တယ်လို့  KNDF ပြန်ကြားရေးဌာနက ပြောခွင့်ရသူက ပြောပါတယ်။

“တာဝေးပစ်ဒုံးကျည်အတွဲလိုက် ပစ်တဲ့ဥစ္စာတော့ အဲဒါတော့ သူတို့ သုံးနေတယ်။ ရက်တိုင်း သုံးနေတယ်။ သူတို့ တပ်ထဲကနေ ဒေါငံခါးဘက် ၊ အုခူးရီတို့ ဆိုဘောသဲတို့ဘက်ကို လှမ်းပစ်တယ်ပေါ့။ အဓိကတော့ ကျနော်တို့ ရှိနေတဲ့ဘက်ကို သူတွေက လှမ်းပြီးတော့ ပစ်တာပေါ့။ တွဲကားနဲ့ ပစ်တာ၊ သူတို့စသုံးတာ ဘယ်ရက်တော့ မမှတ်မိဘူး ဒါပေမဲ့ သူတို့သုံးတာ လေးငါးရက်တော့ ရောက်လာပြီ။ ”

ဒီတလခန့်ကြာတဲ့တိုက်ပွဲမှာ နှစ်ဖက်ထိခိုက်မှုတွေ များပြားခဲ့ပြီး စစ်ကောင်စီဘက်က တပ်ရင်းတရင်းလောက်  သေဆုံးခဲ့သလို ကရင်နီပူးပေါင်းတပ်ဘက်ကလည်း ၄၀ ထက်မနည်း ကျဆုံးခဲ့ပါတယ်။

KNDF ပြန်ကြားရေးဌာနက ပြောခွင့်ရသူက “အဲဒါ ကျနော်တို့ စာရင်းတွေက အခုထိ လုပ်နေတုန်းပဲ။ တခုတော့ သေချာတယ်။ ကျနော်တို့ဘက်လည်း ကျဆုံးတာလည်းများတာပေါ့။ ပြောရမယ်ဆိုလို့ရှိရင် ကျနော်တို့ဘက်မှာလည်း မရှိဘူးဆိုရင် ၄၀ ဝန်းကျင်လောက်တော့ ရှိမယ်။ စစ်တပ်ဘက်ဆို ကျနော်တို့ သိရသလောက်ဆိုလို့ရှိရင် တပ်ရင် တရင်းလောက်တော့ သူတို့တွေက ကျဆုံးနိုင်တဲ့ အနေအထားမှာ ရှိနေတယ်။ သူတို့ဘက်မှာလည်း အထိအခိုက်တွေ အများကြီးရှိတာပေါ့လေ။ ”လို့ ပြောပါတယ်။

တလလောက် အဆက်မပြတ် ဖြစ်ပွားလာတဲ့ တိုက်ပွဲအတွင်း ကရင်နီပူးပေါင်းတပ်တွေ နန်းမယ်ခုံကနေဆင့် တဖြည်းဖြည်း ဆုတ်ခွာပေးခဲ့ရပြီး စစ်တပ်ထိုးစစ်ဆင်ပြီး တိုက်ပွဲ လမ်းကြောင်းတလျှောက်မှာလည်း အရပ်သားတွေ သေဆုံးတာ၊ နေအိမ် မီးရှို့ဖျက်ဆီးခံရတာတွေ လည်း ရာချီရှိလာတယ်လို့လည်း ပြောပါတယ်။

“သူတို့ ထိုးစစ်ဆင်လာတိုင်းရွာတိုင်းတော့ မီးရှို့ဖျက်ဆီးခံနေရတယ်။ အိမ်ခြေက ဘယ်လောက်လဲဆိုတာကို အတိအကျ မသိရပေမယ့် သေချာတယ် အလုံးရေ က ၂၀၀ နဲ့ အထက်မှာတော့ ရှိနိုင်တယ်။ သေးဆူလဲတရွာထဲဆိုရင် အလုံး ၈၀ လောက်တော့ ပါသွားတဲ့အနေအထားမှာရှိတယ်။ ကျန်တဲ့ ဝါရီဆူးပလိုင်တို့ဆိုလို့ရှိရင်လည်း တရွာလုံးနီးပါး မီးရှို့ခြင်းခံရတယ်။ ဝီးသဲကူးတောင်၊ ဝီးသဲကူးမြောက်ဆိုရင် ရှို့ခံရတယ်။ ပြီးရင်လည်း နန်းစံခမ်းတို့အုပ်စု ရှို့ခံရတယ်။ သူတို့ ထိုးစစ်ဆင်တာနဲ့ သူတို့ရောက်လာတဲ့ ရွာတိုင်းလိုလိုက သူတို့နေအိမ်မီးရှို့တာတွေလုပ်ကြတယ်။”

ကရင်နီ (ကယား) ပြည်နယ်မှာ အခု မတ်လ ဒုတိယတစ်ပတ်အတွင်း တိုက်ပွဲ ၇ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က  ၆ ဦး သေဆုံးက ကရင်နီပူးပေါင်းတပ်ဖက်က ၆ ဦး ကျဆုံးသွားကြောင်း ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ရဲ့ ထုတ်ပြန်ကြေညာထားပါတယ်။

၂၀၂၁ ခု မေလကနေ  မတ်လအထိ ကရင်နီ (ကယား) ပြည်နယ် ဒီးမော့ဆိုမြို့ ၊ လွိုင်ကော်မြို့နဲ့ ဖရူဆိုမြို့နယ်တွေက ပြည်သူ ၁၇၀, ၀၀၀ ကျော်လောက်က ထွက်ပြေးတိမ်းရှောင်နေကြရပြီး အခုလပိုင်းမှာ ဖြစ်ပွားတဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင်တွေဟာ ထပ်မံပြီး အကြိမ်ကြိမ် နေရာရွှေ့ပြောင်းနေကြရကာ စားနပ်ရိက္ခာ အခက်ကြုံနေပါတယ်။

ကရင်နီစစ်ဘေးရှောင်တွေကို သွားရောက်ကူညီပေးနေတဲ့ Free Burma Ranger ဒါရိုက်တာ David Eubank ကတော့ အာဏာသိမ်းမြန်မာစစ်တပ်ဟာ လေကြောင်းနဲ့ မြေပြင်တိုက်ခိုက်မှုတွေမှာ အရပ်သား ပြည်သူတွေကို  ပစ်မှတ်ထားတိုက်ခိုက်နေပြီး  ဒုတိယကမ္ဘာစစ်နောက်ပိုင်း မြန်မာနိုင်ငံမှာ အဆိုးရွားအပြင်းထန်ဆုံးလို့ ယူဆရတဲ့ တိုက်ပွဲတွေဆင်နွှဲနေတယ်လို့ ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up