ဘိုလီးဗီးယား ကျောင်းဆရာများ ဆန္ဒပြပွဲအတွင်း ရဲတပ်ဖွဲ့နှင့် ရုန်းရင်းဆန်ခတ်ဖြစ်

လုပ်ငန်းခွင်အတွင်း ပိုမိုကောင်းမွန်စေရေးနဲ့ လုပ်ခလစာ တိုးပေးရေး ဘိုလီးဗီးယားနိုင်ငံက မြို့တော် လာပဲ့ဇ်မှာ မတ် ၁၆ ရက်က ဆန္ဒပြတောင်းဆိုခဲ့ကြတဲ့ ကျောင်းဆရာတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ပါတယ်။
ဆန္ဒပြသူတွေဟာ ပညာရေးဝန်ကြီးဌာနဆီ ငြိမ်းငြိမ်းချမ်းချမ်း ဦးတည်ချီတက်ခဲ့ကြပြီး ဝန်ကြီးဌာန ရောက်ချိန်မှာတော့ ရဲတွေက မော်တော်ဆိုင်ကယ်တွေ၊ မျက်ရည်ယို ဓာတ်ငွေ့တွေနဲ့ ပစ်ခတ်နှိမ်နင်းခဲ့ပါတယ်။
“သူတို့က ကျနော်တို့ မျက်နှာတွေကို မျက်ရည်ယိုဓာတ်ငွေ့တွေနဲ့ ပစ်တယ်၊ အမျိုးသမီးတွေ အရိုက်ခံရတယ်။ ကျနော်တို့က မျှတတဲ့ လခကိုသာ တောင်းဆိုခဲ့တာ” လို့ ဘေနီတက္ကသိုလ် ပါမောက္ခ သောမတ်စ် မာဂါလီက ပြောပါတယ်။
ဒါဟာ သီတင်းတပတ်မပြည့်မီ အချိန်အတွင်း ဒုတိယအကြိမ် ဆရာဆရာမတွေရဲ့ ဆန္ဒပြပွဲပါ။
ဘိုလီးဗီးယားနိုင်ငံအတွင်း ပညာရေးအသုံးစရိတ် ပိုပေးဖို့၊ လစာတိုးမြှင့်ဖို့နဲ့ ဆရာတွေအတွက် နေရာထိုင်ခင်း ပိုပြီး စီစဉ်ပေးဖို့ မြို့ပြ ပညာရေးလုပ်သားတွေက တောင်းဆိုထားပါတယ်။