ဂျပန်တွင် အင်အားပြင်းငလျင်ကြောင့် ကျည်ဆန်ရထားလမ်းချော်

ဂျပန်နိုင်ငံမှာ ပြင်းအား ရစ်ချ်တာစကေး ၇ ဒသမ ၄ ရှိတဲ့ ငလျင်လှုပ်ခတ်အပြီး မတ်လ ၁၇ ရက်က နိုင်ငံအရှေ့မြောက်ပိုင်း တံတားတစင်းပေါ်မှာ ကျည်ဆန်ရထားတစီး လမ်းချော်ခဲ့ပါတယ်။
ဂျပန်မှာ မတ်လ ၁၆ ရက် ညသန်းခေါင်ချိန်အနီး လှုပ်ခတ်တဲ့ အင်အားပြင်းငလျင်ကြောင့် လူ ၄ ယောက် သေဆုံးပြီး အယောက် ၁၀၀ ကျော် ဒဏ်ရာရခဲ့တာပါ။
ရထားတွဲ ၁၇ တွဲရှိတဲ့အထဲက ၁၆ တွဲ ပြေးလမ်းပေါ်ကနေ ခုန်ထွက်သွားပေမယ့် ခရီးသည် တယောက်မှ ဒဏ်ရာမရခဲ့ဘဲ အားလုံးကို ကယ်ဆယ်နိုင်ခဲ့ပါတယ်။
ထောင်ချီတဲ့ ဂျပန်မိသားစုတွေဟာ ဒီနေ့အထိ လျှပ်စစ်မီး မရသေးပါဘူး။ ဒေသခံတွေဟာ လေဟာပြင် ရေပိုက်ခေါင်းတွေဆီကနေ ရေသယ်နေရတာကိုလည်း တွေ့ရပါတယ်။
လျှပ်စစ်မီးရောရေပါ ဒီနေ့ ညနေပိုင်းမှာ ပြန်ရမယ်လို့ အစိုးရအဖွဲ့ အတွင်းရေးမှူးချုပ် ဟိရိုခါ့ဇု မတ်စုနိုက ပြောပါတယ်။
ဂျပန်မှာ ၂၀၁၁ မတ်လ ၁၁ ရက်ကလည်း အဲဒီနေရာမှာပဲ ရစ်ချ်တာစကေး ၉ ဒသမ ၁ ရှိတဲ့ အင်အားပြင်း ငလျင်လှုပ်ခဲ့လို့ ဆူနာမီရေလှိုင်းကြီး ရိုက်ခတ်ခဲ့ပြီး နျူကလီးယား ဓာတ်ပေါင်းဖို မတော်တဆ ဖြစ်ခဲ့တဲ့အတွက် လူ ၁ သောင်း ၈ ထောင်ကျော် သေဆုံးခဲ့ပါတယ်။