close

ညောင်လေးပင်ခရိုင်၌ စစ်တပ်က လေကြောင်းဗုံးကြဲသဖြင့် ဒေသခံ ၃၇၀၀ နီးပါး ထွက်ပြေးနေရ

ပဲခူးတိုင်းဒေသကြီး၊ ကေအန်ယူ၊ တပ်မဟာ ၃  ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်နဲ့ ဆောထိမြို့နယ်အတွင်းကို မတ် ၁၉ ရက် မနက် ၂ နာရီလောက်မှာ စစ်ကောင်စီက လေကြောင်းနဲ့ ဗုံး ၄ လုံး လာရောက်ကြဲတာကြောင့် ဒေသခံ ၃၇၀၀ လောက် တောတောင်တွေထဲ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကေအန်ယူက ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။

ကျောက်ကြီးမြို့နယ်၊ ကွီးလားကျေးရွာအတွင်းကို ဗုံး ၂ လုံးနဲ့ ဆောထိမြို့နယ်၊ တကက်ပူကျေးရွာအတွင်းကို ဗုံး ၂ လုံးစီ လေကြောင်းကနေ ဗုံးကြဲချခဲ့တဲ့အတွက် အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးမှုမရှိပေမယ့် လူနေအိမ်နဲ့ အဆောက်အဦတချို့ ထိမှန်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် တပ်မဟာ ၃ ထိန်းချုပ်နယ်မြေ၊ ညောင်လေးပင်ခရိုင်အတွင်းက ကျေးရွာပေါင်း  ၁၇  ရွာက အရပ်သားပြည်သူ ၃၇၀၀ နီးပါးဟာ စိုးရိမ်ကြောက်လန့်ပြီး ကျေးရွာကိုစွန့်ခွာကာ တောတောင်တွေထဲ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

ဒေသခံပြည်သူတွေဟာ  စိုးရိမ်ကြောက်ရွံ့မှုတွေနဲ့  ကိုယ်လွတ်ရုန်း ထွက်ပြေးခဲ့ရတဲ့အတွက် စားဝတ်နေရေး အခက်အခဲအပြင် လုပ်ငန်းခွင်သွားလာရာမှာ ဘဝလုံခြုံမှုမရှိတဲ့အတွက် ရေရှည်မှာ မိသားစုအခက်အခဲတွေ ရှိလာနိုင်တယ်လို့ ဆိုပါတယ်။

လတ်တလော​ဖြစ်ပွားနေတဲ့ Covid - 19 (အိုမီခရွန်) ရောဂါတွေ့ရှိသူ များပြားလာတဲ့အတွက် ရောဂါကူးဆက်ခံရမှုမရှိအောင် ကာကွယ်ဖို့နဲ့ ပြန့်ပွားတာတွေမဖြစ်ရအောင် ထိန်းချုပ်ကုသရာမှာ များစွာအခက်အခဲဖြစ်စေတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) က ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကလည်း တိုက်ပွဲတွေကြောင့် ကေအန်ယူ ထိန်းချုပ်နယ်မြေတွေဖြစ်တဲ့ ဒူးသထူခရိုင်၊ ညောင်လေးပင်ခရိုင်၊ မြိတ်/ထားဝယ်ခရိုင်၊ မူတြော်ခရိုင်နဲ့ ဒူးပလာယာခရိုင်တွေက အရပ်သားပြည်သူ ၇၀၀၀၀ ကျော် ကျေးရွာတွေကို စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up