close

ရုရှား ပထမဆုံးပစ်လွှတ်ခဲ့သည့် အသံလွန်ဒုံးကျည် Kinzhal Missile က ဘယ်လိုလက်နက်လဲ

ယူကရိန်း ရုရှားကျူးကျော်စစ် ၃ ပတ်တာကာလအတွင်း ပထမဆုံးအနေနဲ့ မတ် ၁၈ ရက်နေ့က  Kh-47M2 Kinzhal (အင်္ဂလိပ်လို dagger - ဓါးမြှောင်) လို့ အမည်ပေးထားတဲ့ ဝေဟင်မှ မြေပြင်ပစ် မျိုးဆက်သစ် ပဲ့ထိန်းဒုံးကျည်ကို အသုံးပြုပစ်ခတ်ခဲ့တယ်လို့ ရုရှားဘက်က ကြေညာ လိုက်ပါတယ်။ 

ယူကရိန်းနိုင်ငံ အနောက်ဘက်ခြမ်း ပိုလန်နယ်စပ်နားက အိုင်ဗန်နို ဖရန်ကစ်ဗ် ဒေသမှာရှိတဲ့ လေတပ်ဒုံးကျည်စနစ် လက်နက်သိုလှောင်ရုံကို ဖျက်ဆီးပစ်နိုင်ခဲ့တယ်လို့ ရုရှားကာကွယ်ရေးဌာနက ကြေညာခဲ့ပေမယ့် ယူကရိန်းဘက်ကတော့  သတင်းထုတ်ပြန်တာ မရှိပါဘူး။ 

ဒီဒုံးကျည်လက်နက်ကို ၂၀၁၈ ခုနှစ် မတ်လက ရုရှားသမ္မတ ပူတင်ကိုယ်တိုင် တိုင်းပြည်ကို မိတ်ဆက်ကြေညာခဲ့ပြီး အဆင့်မြင့်ဆုံး ဒုံးကျည်လက်နက်နဲ့ ယူကရိန်းစစ်ပွဲမှာ ပစ်မှတ်အစစ်ကို စမ်းသပ်သုံးစွဲတာလို ယူဆကြပါတယ်။

နျူကလီးယားထိပ်ဖူးလည်း တပ်ဆင်နိုင်တဲ့ Kinzhal ဒုံးကျည်ဟာ ဖောက်ခွဲရေးပစ္စည်း ပေါင်ချိန် ၁၀၀၀ သယ်ဆောင်ရင်း (Mach 10 speed - ၁ နာရီ ၇၆၀၀ ကနေ ၉၁၀၀ ကီလိုမီတာထိ) အသံထက်မြန်တဲ့နှုန်းနဲ့ ကီလိုမီတာ ၂၀၀၀ အဝေးကို ပျံသန်းနိုင်တဲ့အပြင် ကြားဖြတ်ထောက်လှမ်း အာရုံခံစနစ်တွေကို ဖြတ်ကျော်နိုင်တယ်လို့ ဆိုပါတယ်။ 

Tu-22M3 ဗုံးကြဲလေယာဉ် MiG-31K တိုက်လေယာဉ်တွေကနေ ပစ်လွှတ်တိုက်ခိုက်နိုင်ပြီး အမေရိကန်နဲ့ နေတိုး မဟာမိတ်တပ်တွေရဲ့ စစ်သင်္ဘောတွေနဲ့ ဒုံးကျည်ကာကွယ်ရေးစနစ်တွေကို တိုက်ခိုက်ဖို့ ဒီဇိုင်းဆွဲထုတ်လုပ်ထားပါတယ်။ 

ဒုံးကျည်ကို ပစ်လွှတ်ပြီး စက္ကန့်ပိုင်းအတွင်း အသံလွန် အမြန်နှုန်းအဆင့်ကို မြှင့်တင်သွားနိုင်ပြီး ရန်သူ့ဒုံးကျည်ကာကွယ်ရေးစနစ်တွေကို ရှောင်ရှားဖို့ ထိန်းချုပ်ပဲ့ကိုင်နိုင်ပါတယ်။ ပစ်မှတ်တိကျမူ တမီတာပတ်လည်အတွင်း ထိခိုက်နိုင်ပြီး အလေးချိန် ၄၆၁၅ ကီလိုဂရမ်၊ လုံးပတ်က ၁ မီတာရှိပြီး အလျား ၈ မီတာရှည်လျားပါတယ်။ 

အခုလို အသံလွန် ဗျူဟာမြောက်ဒုံးကျည်ပစ်လွှတ်တာဟာ ပိုလန်နယ်စပ်က နေတိုးတပ်ဖွဲ့တွေနဲ့ အမေရိကန်ဘက်ကို ရုရှားစစ်တပ်က ခြိမ်းခြောက်အချက်ပြတဲ့ သဘောလို့လည်း စစ်ရေး သုံးသပ်သူတွေက ယူဆပါတယ်။ 

ရုရှားဟာ မြေပြင်လွှမ်းမိုးနိုင်စွမ်း မရှိလို့ နောက်ဆုံးပေါ်လက်နက်တွေ ထုတ်သုံးလာရသလို ဒီဒုံးကျည်ကြောင့် မြေပြင်တိုက်ပွဲအခြေအနေကို ထူးထူးခြားခြား မပြောင်းလဲနိုင်ပေမယ့် စိတ်ခြောက်ခြားစေဖို့ ဝါဒဖြန့်စစ်ဆင်ရေး ဖြစ်နိုင်တယ်လို့ သုံးသပ်သူတွေရှိပါတယ်။ 

ဒါ့အပြင် ယူကရိန်းစစ်ပွဲအတွက် ရုရှားနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမူတွေရှိနေတဲ့ကြားက ပူတင်ဟာ ရုရှားစစ်ဆင်ရေးကို အရှိန်မြှင့်လာတာလားလို့ စိုးရိမ်မူတွေလည်း ရှိနေကြပါတယ်။  

Kh-47M2 Kinzhal missile with MiG-31   

image credit: commons.wikimedia.com

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up