တောင်ကိုရီးယားသမ္မတရုံးကို ကာကွယ်ရေးဝန်ကြီးဌာနဝင်းသို့ ပြောင်းရွှေ့မည်

တောင်ကိုရီးယား ရွေးကောက်ခံ သမ္မတ ယွန်းဆွန်းယဲဟာ ဆယ်စုနှစ်ချီ အစဉ်အလာကို ရိုက်ချိုးပြီး သမ္မတရုံးကို သမ္မတအိမ်ပြာတော်ကနေ ကာကွယ်ရေးဝန်ကြီးဌာနဝင်းထဲ ပြောင်းရွှေ့မယ်လို့ မတ် ၂၀ ရက်မှာ ပြောလိုက်ပါတယ်။
ဒီလို အပြောင်းအရွှေ့အတွက် အမေရိကန်ဒေါ်လာ သန်း ၄၀ ကုန်ကျနိုင်ပါတယ်။
မတ် ၉ ရက် ရွေးကောက်ပွဲမှာ အကြိတ်အနယ် ယှဉ်ပြိုင်ပြီး သီကာပွတ်ကာ အနိုင်ရခဲ့တဲ့ ယွန်းဟာ သူ့ရုံးကို ပိုလက်လှမ်းမီတဲ့ နေရာဆီပြောင်းဖို့ ကတိပြုထားပါတယ်။ ဆိုးလ်မြို့တော်က သမ္မတအိမ်ပြာတော်ကိုတော့ အများပြည်သူအတွက် ဖွင့်ပေးမယ်လို့ ပြောပါတယ်။
သူ့ရဲ့ တရားဝင်အိမ်ကိုလည်း စီးပွားရေး အမှုဆောင်တွေနဲ့ သံတမန်တွေ အများအပြား နေထိုင်ရာ ဟန်းနမ်ဒေါင်ရပ်ကွက်ဆီ ပြောင်းမယ်လို့ သူက မတ် ၂၀ ရက်နေ့မှာ ပြောပါတယ်။
ယောင်ဆန်းဧရိယာမှာရှိတဲ့ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဌာနချုပ်ဟာ အခုချိန်မှာ ပိတ်သိမ်းပြီးသား အမေရိကန်စစ်တပ် အခြေစိုက်စခန်းဟောင်း နဲ့ ကပ်လျက်ပါ။
ဒီခြံဝင်းဟာ နိုင်ငံတော် လုံခြုံရေးနဲ့ ကွပ်ကဲရေး အဆောက်အအုံတွေ အပြည့်အစုံ ထားရှိပြီးဖြစ်လို့ လုံခြုံရေး ဒါမှမဟုတ် ဒေသခံတွေ အဆင်မပြေတာမျိုး မဖြစ်ဘဲ ပြောင်းရွှေ့ရ လွယ်စေတယ်လို့ လည်း ယွန်းက ပြောခဲ့ပါတယ်။