ခေတ်သစ် တဘောင်

ပူတင်ကတော့… သူ့ရဲ့ ထောက်လှမ်းရေး အကြီးအကဲတွေကို ဖမ်းချုပ်လိုက်တယ်။ ဖမ်းချုပ်ဆို သူတို့က ယူကရိန်းကို ကျူးကျော်ဝင်ရောက်တိုက်ခိုက်ရင် စရိတ်စက သက်သက်သာသာနဲ့ ရက်ပိုင်းအတွင်း အောင်မြင်လိမ့်မယ်လို့ တိုက်တွန်း အစီရင်ခံခဲ့ကြတာကိုး။ လက်တွေ့ အခင်းအကျင်းမှာတော့ ၂၄ ရက် ကျော်လာသည့်တိုင် မသိမ်းနိုင်သေးဘူး။ သေလိုက်ကြတဲ့ ရုရှားစစ်သည်တွေ၊ ဆုံးရှုံးလိုက်တဲ့ လက်နက်တွေ နည်းနည်းနောနော မှတ်လို့။ ဒါ့အပြင် ပူတင်လည်း ပြည်တွင်း ပြည်ပ ပြည်သူတွေ လက်မခံတဲ့ ချဉ်ဖတ်ကောင်ကြီး ဖြစ်သွားပါရော့လာ.။
ဒါပေမဲ့ ကျုပ်တို့နိုင်ငံက မင်းအောင်လှိုင်တို့ အကြမ်းဖက်အဖွဲ့အစည်းကတော့ ရုရှား ကျူးကျော်မှုကို ထောက်ခံသတဲ့… တရားဝင်ပြောတာ အံ့ရော။ နဂိုကတည်းက အကြမ်းဖက်လို့ သတ်မှတ်ခံထားရတဲ့ အဖွဲ့အစည်းက ထောက်ခံတာဆိုတော့ အရာရောက်မှုတော့ မရှိဘူးပေါ့ဗျာ။ ‘သခင်အားရ ကျွန်ပါးဝ’ ပြတဲ့ သဘောလောက်ပါပဲ..။
ဒီမှာ ကျုပ်ပြောချင်တာက မအလကို အကြံကောင်းတခု ပေးချင်တာပါ။ ကိုယ့်မှာ စစ်တပ်ကြီး တတပ်လုံး ရှိနေတာပဲ။ သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံတို့ကို ဖမ်းချုပ်လိုက် ပြီးသွားပြီ၊ ငှက်ပျောသီး အခွံနွှာရတာမှ ခဲယဉ်းနေဦးမယ်။ အာဏာသိမ်းတာ လွယ်လွယ်လေးလို့ မြှောက်ပင့်ပြောဆို တိုက်တွန်းခဲ့ကြတဲ့ ဂူကြီး သင်္ကန်းဝတ်တို့၊ ကြံဖွတ်ဥက္ကဋ္ဌ သန်းဌေးတို့၊ ခင်မောင်ဆွေနဲ့ သိမ်းညွန့်တို့ကို ဖမ်းချုပ်ထားလိုက်သင့်ပြီ၊ သူတို့ မြှောက်ပေးခဲ့လို့ ခင်ဗျားတို့စစ်တပ် မနိုင်မနင်းနဲ့ အကြမ်းဖက်မှုတွေ ပိုပိုဖြစ်နေရတာလေ။ အဲဒါ အကြံပေးချင်တာပါ။
လက်တွေ့လည်း ကြည့်ဦး… အာဏာသိမ်းတာ ၁ နှစ်ကျော်လာပြီ၊ လျှပ်စစ်ရထား၊ လျှပ်စစ်ကားတွေ ထုတ်လုပ်ဖို့ နေနေသာသာ… တည်ငြိမ်အောင်တောင် အုပ်ချုပ်နိုင်စွမ်း မရှိသေးဘူး။ တနိုင်ငံလုံး ရရာလက်နက် စွဲကိုင်ပြီး တော်လှန်နေကြတာလေ။ လေယာဉ် ရဟတ်ယာဉ်တွေနဲ့ ဗုံးကြဲ၊ လက်နက်ကြီးတွေနဲ့ တရစပ်ထု၊ ရွာတွေ မီးရှို့၊ ပစ္စည်းလုယက်၊ တွေ့တဲ့ ပြည်သူကို စိတ်မထင်ရင် မထင်သလို သတ်၊ ရက်စက်မှုအပေါင်းလည်း သရဖူဆောင်းပြီးပြီ။ ဒါပေမဲ့ ဦးမညွှတ် ဒူးမထောက် ရဲရဲဝံ့ဝံ့ ချီတက်နေကြတာ မင်းတို့ ကြောက်နေမှာပဲ..။ နေ့စဉ် မအေကိုင်ဆဲနေတာတွေကိုတော့ စာဖွဲ့ပြောမနေနဲ့တော့။
ခုဆို ‘စခ သင်္ချိုင်း၊ စစ်ကိုင်းတိုင်း” လို့တောင် ပြောစမှတ်ပြုကုန်ကြပြီ။ ပြောစမှတ်ပြုဆို န.မ.ခ တိုင်းမှူးက ပျော့ညံ့လွန်းလို့ သူ့နေရာကို သန်းလှိုင် ဆိုတဲ့ ကိုယ့်ညီကိုသတ်တဲ့ကောင်နဲ့ အစားထိုးလိုက်တယ်။ အဲဒီကောင်က သခင်အတွက်ဆို ဘနဖူး သိုက်တူးမယ့် ကျွန်ယုံ၊ ရက်စက် ယုတ်မာတဲ့နေရာလည်း နှစ်ယောက်မရှိ။ PDF တွေကို အမှုန့်ကြိတ်ပြီး ပေါင်ဒါလုပ်ပစ်မယ်လို့ ကြိမ်းဝါး ချီတက်သွားတာမလား။ ဒါပေမဲ့ သန်းလှိုင်ခမျာ သူ့ကက်ဦးထုပ်တောင် မကောက်နိုင်ဘဲ ပြန်ပြေးခဲ့ရတာလေ။ သူတို့တပ်တွေနဲ့ နီးစပ်သူတွေကပဲ ပြောတာပါ။ ဘောင်းဘီတောင် မပါခဲ့ဘူးတဲ့။ သန်းလှိုင်က ခေါခေါရဲ့ အပြားဆုကြီးများ ရမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ သွားရှာတာ။ အခုတော့ မအလက ဘာနဲ့ ခေါက်လိုက်သလဲ မပြောတတ်ဘူး၊ ‘ဘု’ ဆုပဲ ရသွားရှာပေါ့။
ဒီမှာ ကိုယ်ရည်ကိုယ်သွေး ညံ့ဖျင်းကြတဲ့သူတွေဟာ ယတြာ၊ အစီအရင်တွေကို လွန်ကဲစွာ ယုံကြည်တတ်တယ်ဗျ။ မအလဆို စေတီ ထီးဆောင်းလိုက်၊ ကိတ်မုန့်ကို မီးပူဇော်လိုက် မဟုတ်လား။ ခုလည်း စခသင်္ချိုင်း စစ်ကိုင်းတိုင်းကို ကျွန်ယုံ မြတ်ထွန်းဦး ကိုယ်တိုင် စီမံကွပ်ကဲနေပေမဲ့ စစ်ကိုင်း စူဠာမဏိ ကောင်းမှုတော်စေတီအတွင်းက စည်တော်ကြီးကို ဖြုတ်ချ ဖယ်ရှားလိုက်တယ်လေ။ စစ်ကိုင်းတိုင်းအတွင်းရှိ နှိမ်နင်းမရ တိုက်ပွဲတွေ ဖြစ်နေတာ အဲဒီစည်ကြီးရှိလို့ ဆိုပြီး အခါပေးတွေက တင်ပြကြသတဲ့ဗျာ။ ကျုပ်တို့ အညာရွာသုံးစကားနဲ့ ပြောရရင် ‘မဆိုင်တာ ငမြိုင်ရာ’ လို့ ဆိုလိုက်ချင်တယ်။ ဟုတ်တယ်လေ.. စစ်ကိုင်းတိုင်းအတွင်း စခတွေ ထွက်သွားကြည့်ပါလား၊ သေနတ်သံ မပြောနဲ့၊ ဗြောက်အိုးသံတောင် ကြားရလိမ့်မယ် မဟုတ်ပေဘူး၊ မယုံရင် လက်တွေ့ စမ်းသပ်ကြည့်လိုက်၊ ကျုပ်တို့အညာ ဘယ်လောက် အေးချမ်းသွားမလဲ။
ကျုပ်အနေနဲ့ မအလကို နောက်ထပ်အကြံပြုချင်တာ ရှိသေးတယ်။ သိန်းညွန့်တို့ အုပ်စုအပြင်.. မဟုတ်ဘုတ်လေး ထူတတ်ရုံနဲ့ အခါပေးလုပ်နေကြတဲ့ အခါပေးဆြာကြီးတွေကိုလည်း ဖမ်းဆီး ချုပ်နှောင်ထားသင့်တယ်။ ဘာလို့လဲဆိုတော့ အခါပေးတွေက ‘ခေတ်သစ်တဘောင်’ ကို မကြားလောက်အောင် နားပင်းနေကြလေရော့သလား။ ဒီမှာ ကျုပ်တို့အညာမှာ လူတိုင်းပါးစပ်ဖျား ပြောနေကြတဲ့ ခေတ်သစ်တဘောင်ကို နားဆင်ကြည့်လိုက်ဦး… “စည်တော်လည်းဖြုတ်.. ဒင်းတို့လည်း ပြုတ်၊ စည်တော်လည်းဖယ်.. ဒင်းတို့ကွယ်၊ စည်တော်လည်း မနိုင်.. မင်းအောင်လှိုင်၊ သွေးအိုင်ထဲမှာ လဲပြိုယိုင်..” တဲ့။
တဘောင်အလိုအရ စည်တော်ကြီးကို ဖြုတ်ပြီး ဖယ်လိုက်လို့ မအလရဲ့ အကြမ်းဖက်အဖွဲ့အစည်း ပြုတ်ပြီး ဖယ်ရှားခံရတော့မယ့်သဘော။ မအလ အနေနဲ့လည်း အိုင်ထဲမှာ အသေဆိုးနဲ့ သေဆုံးတော့မယ် ဖြစ်ပါကြောင်း။
ကျုပ်တို့အညာမှ မင်္ဂလာယူပြီး ပြောနေကြရဲ့ဗျာ… ။
ဒေါင်းနီ