မြောက်ကိုရီးယားက ၁ နာရီအတွင်း တာဝေးပစ်ဒုံးကျည် ၄ စင်း ပစ်လွှတ်

မြောက်ကိုရီးယားနိုင်ငံဟာ တာတိုပစ် ဒုံးကျည်မျိုးစုံ ပစ်လွှတ်နိုင်တဲ့ ဒုံးပစ်လောင်ချာနဲ့ မတ် ၂၀ ရက်က ပစ်လွှတ်ခဲ့ပုံရတယ်လို့ တောင်ကိုရီးယားစစ်တပ်က ပြောပါတယ်။
နျူကလီးယား လက်နက်ပိုင်ရှင် မြောက်ကိုရီးယားက ပိုကြီး ပိုဝေးတဲ့ ဒုံးကျည်တွေကို အရင်ရက်တွေက ပစ်လွှတ်စမ်းသပ်အပြီး ကိုရီးယားကျွန်းဆွယ်မှာ စစ်ရေးတင်းမာမှု မြင့်နေချိန်မှာ ခုလိုဖြစ်တာပါ။
“ကျနော်တို့ စစ်တပ်က သက်ဆိုင်ရာအခြေအနေကို စောင့်ကြည့်နေပြီး အဆင်သင့် အနေအထားကို ထိန်းသိမ်းထားတယ်” လို့ တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
မြောက်ကိုရီးယား စစ်တပ်ဟာ ဒေသစံတော်ချိန် မနက် ၇ နာရီ မိနစ် ၂၀ လောက်မှာ South Pyongan ပြည်နယ်ထဲကနေ အနောက်ဘက်ကမ်းရိုးတန်းဆီကို တနာရီအတွင်း ဒုံးကျည် လေးချက် ပစ်ခတ်ခဲ့တယ်လို့ တောင်ကိုရီးယားအခြေစိုက် ယုံဟပ်သတင်းဌာနက ဖော်ပြပါတယ်။
ဒီလို ပစ်လွှတ်ခဲ့တာနဲ့ ပတ်သက်ပြီး အရေးပေါ် ဒုဝန်ကြီးအဆင့် အစည်းအဝေးကို တောင်ကိုရီးယား အမျိုးသားလုံခြုံရေးကောင်စီက ခေါ်ယူခဲ့ပါတယ်။
တာတိုပစ်ဒုံးကျည် ပစ်လွှတ်တာကို တိုက်ချင်းပစ် (ICBMs) ဒုံးကျည်တွေ ပစ်လွှတ်တာလောက် အာရုံမစိုက်ကြပေမယ့် မြောက်ကိုရီးယားဟာ လတ်တလော နှစ်တွေမှာ ဒုံးကျည်မျိုးစုံ ပစ်လွှတ်နိုင်တဲ့ ဒုံးလွှတ်စင် (MLRS) ပုံစံသစ် အတော်များများကို ခင်းကျင်းပြသခဲ့ပြီးပါပြီ။
တောင်ကိုရီးယားနိုင်ငံထဲက ပစ်မှတ်အလားအလာတွေအတွက် စံပြအမြောက်နဲ့ ဒုံးကျည် လက်နက်တိုက်ကြီးထဲကို ထပ်လောင်း အားဖြည့်နေပါတယ်။