close

မိုးသက်လေပြင်းကြောင့် ကရင်စစ်ဘေးရှောင်များ ရေနှင့် မိုးကာစများ အရေးပေါ်လိုအပ်နေ

မိုးသက်လေပြင်းတိုက်ခတ်ခဲ့တဲ့အတွက် မြန်မာ-ထိုင်းနယ်စပ်  ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ လေးကေ့ကော်ဒေသက စစ်ဘေးရှောင်ပြည်သူတွေဟာ မတ် ၂၀ ရက် မနေ့ ညနေ ၄ နာရီလောက်က ယာယီနေထိုင်နေတဲ့ တဲတွေပျက်စီးသွားပြီး   နေထိုင်စားသောက်ရေးမှာ အခက်အခဲတွေနဲ့ ကြုံတွေ့နေရပါတယ်။

ယာယီခိုလှုံနေထိုင်တဲ့ တဲတွေသာမက  စားနပ်ရိက္ခာတွေပါ ပျက်စီးခဲ့တဲ့အပြင် မိုးရွာသွန်းမှုကြောင့် သောင်းရင်းမြစ်ရေဟာ မသန့်ရှင်းတော့ဘဲ သောက်သုံးရေအခက်အခဲတွေနဲ့ပါရင်ဆိုင်နေရတယ်လို့ စစ်ရှောင်ပြည်သူတွေက ပြောပါတယ်။

စစ်ရှောင်ပြည်သူတစ်ဦးက “လေရော မိုးရောဆိုတော့ တဲတွေအကုန်ပျက်စီးသွားတယ်။ ညက မိုးရေထဲ ဒီအတိုင်းထိုင်နေခဲ့ရတယ်။ အသက်ကြီးတဲ့သူတွေနဲ့ ကလေးတွေ တော်တော် ဒုက္ခရောက်ရတယ်။ တချို့ အမျိုးသမီးတွေဆို မီးဖွားပြီးခါစရှိသေးတယ်။ အခုတဲပြန်ပြင်ဆောက်ဖို့က အပျက်အစီးများတော့ ဘယ်ကစလုပ်ရမှန်းတောင် မသိတော့ဘူး”လို့ ဆိုပါတယ်။

စစ်ဘေးရှောင်ပြည်သူတွေထဲမှာ အမျိုးသမီးတွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေ၊ ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေ အများဆုံးပါဝင်သလို လတ်တလောမှာ သောက်သုံးရေနဲ့ ယာယီနေထိုင်ဖို့ မိုးကာစတွေ အရေးတကြီးလိုအပ်နေတဲ့အတွက် အလှူရှင်တွေရဲ့အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၇ ရက် ညကစတင်ပြီး အချိန်အခါမဟုတ် မိုးရွာသွန်းမှုတွေကြောင့် မိုးမိတာ၊ သောက်သုံးရေ မလုံလောက်တဲ့အတွက် သန့်ရှင်းမှုမရှိတဲ့ သောင်းရင်းမြစ်ရေကို သောက်သုံးနေရတာတွေကြောင့် ဝမ်းရောဂါတွေဖြစ်ပွားတာ၊ နေထိုင်မကောင်းတာတွေ ဖြစ်ပွားခဲ့သလို ဆေးဝါးကုသရာမှာ ဆေးဝါးမလုံလောက်တဲ့  အခက်အခဲတွေရှိခဲ့ပါတယ်။

ဒီဇင်ဘာလကစတင်ပြီး တပ်မဟာ ၆ နယ်မြေ၊ လေးကေကော်ဒေသမှာ စစ်ကောင်စီတပ်တွေနဲ့ KNLA ပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့တဲ့အပြင် စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက်   ကျေးရွာ ၁၀ ရွာက ထောင်နဲ့ချီတဲ့ ဒေသခံတွေဟာ နေအိမ်စွန့်ခွာထွက်ပြေးခဲ့ရပြီး နယ်စပ်သောင်းရင်းမြစ်တလျှောက်မှာ ခိုလှုံနေရတာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up