လာမည့်ရာသီအတွက် မန်ယူနည်းပြ ရန်းနစ်ခ်၏ အနာဂတ် အာမခံချက်မရှိဖြစ်နေ

မန်ယူအသင်းနည်းပြ ရန်းနစ်ခ်ရဲ့အနာဂတ်ဟာ လာမယ့်ရာသီမှာ ဆက်ရှိဖို့ အာမခံချက်မရှိ ဖြစ်နေတယ်လို့ သိရပါတယ်။
ဂျာမန်နည်းပြ ရက်ဖ်ရန်းနစ်ခ်ဟာ ယူနိုက်တက်ကို ယာယီနည်းပြအနေနဲ့ တာဝန်ယူ ကိုင်တွယ်နေတာဖြစ်ပြီး ရာသီကုန်ဆုံးချိန်မှာ အသင်းရဲ့အကြံပေးအဖြစ် ဆက်ပြီး တာဝန်ယူဖို့ သဘောတူညီချက်ရှိထားတာပါ။
ဒါပေမဲ့ အဲဒီသဘောတူညီချက်က မရှင်းမလင်း ဖြစ်နေသေးပြီး လာမယ့်ရာသီမှာ ဆက်ရှိဖို့ အာမခံချက်မရှိဘူးလို့ စကိုင်းစပေါ့သတင်းမှာ ဖော်ပြပါတယ်။
ယူနိုက်တက်အသင်းဘုတ်အဖွဲ့ဟာ နည်းပြရန်းနစ်ခ်ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး တစုံတရာ ဆွေးနွေးခြင်း မရှိသေးဘူးလို့ ဆိုပါတယ်။
အကြံပေးအနေနဲ့ ခန့်အပ်မယ်ဆိုရင် အသင်းရဲ့ တည်ဆောက်ရေးမှာ အနီးကပ် လုပ်ကိုင်ဆောက်ရွက်ခွင့်ရှိမှာ မဟုတ်သလို၊ အားကစားဒါရိုက်တာလို ရာထူးလည်း ပေးအပ်ဖို့ မရှိတာကြောင့် ရန်းနစ်ခ်ရဲ့အခန်းကဏ္ဍနဲ့ ပတ်သက်ပြီး ဘယ်လိုရာထူးမျိုး ပေးအပ်သွားမလဲဆိုတာ မရှင်းမလင်းဖြစ်နေဆဲ အခြေအနေလို့ သုံးသပ်ကြပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက ထွက်ပေါ်ခဲ့တဲ့ ချဲလ်ဆီးနည်းပြ တူချယ်ကို ခန့်အပ်မယ်ဆိုတဲ့ သတင်းတွေဟာလည်း မှန်ကန်မှုမရှိကြောင်း စကိုင်းစပေါ့က ဖော်ပြပါတယ်။
မန်ယူနည်းပြရာထူးအတွက် ပီအက်စ်ဂျီနည်းပြ ပိုချက်တီနို၊ အေဂျက်ဇ်နည်းပြ အဲရစ်တန်ဟတ်ချ်၊ ဆီဗီလာနည်းပြ လိုပက်တီဂူနဲ့ စပိန်နည်းပြ လူးဝစ်အင်းနရစ်တို့ကို လျာထားတယ်လို့ သိရပါတယ်။