မုန်တိုင်းကြောင့် ရခိုင်မှ ဘင်္ဂလားဒေ့ရှ်သို့ တင်ပို့မည့် ငါးမြစ်ချင်းများ ပိတ်မိနေ

အာစနီမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်ကနေ တဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို တင်ပို့မယ့် ငါးမြစ်ချင်း တန် ၃၀၀ လောက် ပိတ်မိနေတယ်လို့ သိရပါတယ်။
ဘင်္ဂလားဒေ့ရှ်ဘက်ကို ငါးမြစ်ချင်း တင်ပို့နေတဲ့ ကုန်သည်တဦးက “စစ်တွေဘက်မှာ တန်ချိန် ၂၀၀ ကျော်နဲ့ မောင်တောမှာ တန်ချိန် ၁၀၀ ကျော် ပိတ်မိနေတယ်။ ရခိုင်မှာ လေမုန်တိုင်းတိုက်နေတာလည်း မဟုတ်ဘူးလေ။ ဒီလိုသာ ဆက်ပိတ်ထားမယ်ဆိုရင် ဆုံးရှုံးနစ်နာမှု များသွားမှာပါ” လို့ ပြောပါတယ်။
စစ်တွေမှာ ငါးတန်ချိန် ၁၀၀ ခန့် သင်္ဘောတစီးအပြင် ငါးတန်ချိန် ၁၂ တန်ကား ၂ စီးနဲ့ မောင်တောမှာ ငါး ၇ တန် ကား ၁၂ စီး စုစုပေါင်း ငါးတန်ချိန် ၃၀၀ လောက် ပိတ်မိနေတာလို့ ဆိုပါတယ်။
အာစနီမုန်တိုင်းဟာ ရခိုင်ကမ်းရိုးတန်းကို ဝင်ရောက်တိုက်ခတ်ခြင်း မရှိပေမယ့်လည်း အာဏာပိုင်တွေက စိုးရိမ်စိတ်နဲ့ ရေလမ်းကြောင်းကို ပိတ်ထားတာဖြစ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို တင်ပို့မယ့် ငါးမြစ်ချင်းတွေ ငါးတွေ ပျက်စီးမှု ရှိလာနေတဲ့အတွက် လက်ရှိ ရာသီဥတု သာယာချိန်မှာ သွားလာခွင့်ပြုသင့်တယ်လို့ စစ်တွေ ကုန်သည်များအသင်း တာဝန်ရှိသူတွေက ဆိုပါတယ်။
စစ်တွေမြို့ ကုန်သည်များအသင်း တာဝန်ရှိသူတဦးဖြစ်တဲ့ ကိုအောင်အောင်က “ညွှန်ကြားချက်အရ ပေးမထွက်တာလို့ သိရတယ်။ ရာသီဥတု ဆိုးရွားတဲ့အတွက် တခုခုဖြစ်သွားမှာ စိုးရိမ်တဲ့သဘောပါ။ လက်ရှိမှာ ရာသီဥတုကလည်း ကောင်းသွားပြီ၊ ရခိုင်ကမ်းရိုးတန်းကို မုန်တိုင်းဝင်ရောက်တာလည်း မရှိတော့ဘူး။ ပေးထွက်လိုက်တာ အကောင်းဆုံးဖြစ်မှာပါ။ ကုန်သည်တွေ တော်တော်ဒုက္ခရောက်ကြတယ်။ ငါးတွေကို ကားကနေ မော်တော်ဘုတ်တွေပေါ် ချပြီးနေပြီ၊ ထွက်ခွင့်မရလို့ ပြန်တင်ရ၊ ပြန်ချရဆိုတော့ ငါးတွေနာပြီး ပျက်စီးကြတာပေါ့” လို့ ပြောပါတယ်။
အဲဒီ ငါးမြစ်ချင်း တန်ချိန် ၃၀၀ လောက်ကို အခုရက်ပိုင်းအတွင်း တင်ပို့ခွင့်မရပါက သိန်း ၅,၀၀၀ ခန့် ဆုံးရှုံးနိုင်တယ်လို့ ကုန်သည်တွေဆီက သိရပါတယ်။
“အခုလက်ရှိမှာတော့ ငါးတွေကို ရေခဲအသစ်ရိုက်ပြီး ဆက်ထိန်းသိမ်းထားတယ်။အခုရက်ပိုင်းမှာ မတင်ပို့နိုင်ရင် သိန်း ၅,၀၀၀ လောက် ဆုံးရှုံးနိုင်တယ်” လို့ ငါးမြစ်ချင်း ကုန်သည်တဦးက ပြောပါတယ်။
ရခိုင်ပြည်နယ်ကနေ တဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ၂၀၂၀-၂၀၂၁ ခုနှစ် ဘဏ္ဍာနှစ်အတွင်း ရေထွက်ပစ္စည်းတန်ဖိုး ဒေါ်လာ သန်း ၃၈၇ ဒသမ ၄၁၂ အထိ တင်ပို့ထားတယ်လို့ နယ်စပ်ကုန်သွယ်ရေး ကိန်းဂဏန်းတွေအရ သိရပါတယ်။