close

တပိုင်းတစ မအလရဲ့ မာရဝိဇယ

ကျုပ်တို့နိုင်ငံမှာ မင်း၊ ဘုရင်၊ ခေါင်းဆောင် ဖြစ်လာရင်.. မဖြစ်မနေ ဘုရားတည်ရမယ်လို့များ သတ်မှတ် ပြဋ္ဌာန်းထားလားသလား မပြောတတ်ပါဘူး။ ခေတ်အဆက်ဆက် မင်းတွေ၊ ဘုရင်တွေ၊ ခေါင်းဆောင်တွေက ဘုရားတွေ တည်ခဲ့ကြတာကိုးဗျ…။ ကျုပ်တို့နိုင်ငံက ဗုဒ္ဓဘာသာ အများစုနေထိုင်တဲ့ နိုင်ငံလေ..။ ဒီတော့ ဘုရားတည်ကြတာက ယုံကြည်မှုသဒ္ဓါထက် ပြည်သူတွေကို စည်းရုံးချင်လို့ ထင်ပါရဲ့ဗျာ.. လွန်တာရှိ ဝန္ဒာမိပါရဲ့…။

ရှည်ရှည်ဝေးဝေး မပြောတော့ပါဘူး။ လွတ်လပ်ရေးရပြီးနောက်ပိုင်းပဲ ပြောကြရအောင်ပါ။ ပထမဆုံး ဝန်ကြီးချုပ်ဖြစ်လာတဲ့ ဦးနုကလည်း ကမ္ဘာအေးစေတီ တည်ခဲ့သဗျ။ ဆဋ္ဌသင်္ဂါယနာတင်တဲ့ သာသနာ့ဒါယကာ ခံယူချင်လို့.. သင်္ဂါယနာတင်ဖို့ ပါသဏလှိုဏ်ဂူတော်ကြီးကိုလည်း တည်ဆောက်ခဲ့သဗျ။ ဒါပြင် ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် သတ်မှတ်ပြဋ္ဌာန်းခဲ့လို့ KIA ဆိုတဲ့ လက်နက်ကိုင် တော်လှန်တဲ့ အဖွဲ့အစည်း ပေါ်ပေါက်ခဲ့ရတယ် မဟုတ်လား။ နောက်တော့ ဗိုလ်နေဝင်း အာဏာသိမ်းလိုက်လို့ ဦးနုပြုတ်သွားရှာတယ်။

ဗိုလ်နေဝင်းကလည်း ကျောင်းသားကိုသတ်၊ အလုပ်သမားကိုသတ်၊ ပြီးတော့ လင်ရှိမယားကြီးကို မျက်နှာပြောင်တိုက် နှိုက်ခဲ့ပေမဲ့ ဘုရားဒါယကာအဖြစ်တော့ ခံယူခဲ့သေးတာပါပဲ။ ရွှေတိဂုံဘုရားကြီးရဲ့ တောင်ဘက်အရပ်မှာရှိတဲ့ မဟာဝိဇယစေတီတော်ကြီးဟာ ဗိုလ်နေဝင်း တည်ထားခဲ့တဲ့ စေတီတော်ကြီးပေါ့။၊ ဒါပေမဲ့ ဗိုလ်နေဝင်းခမျာလည်း သူသာ သန်းကြွယ်သူဌေးဖြစ်သွားပြီး နိုင်ငံက မွဲပြာကျသွားလို့ ပြည်သူတရပ်လုံးက မခံမရပ်နိုင်ဖြစ်ကာ ဆန့်ကျင်ကြတဲ့အတွက် ပြုတ်သွားရှာတယ်။ 

နောက် ဗိုလ်သန်းရွှေက အစိုးရဌာနဆိုင်ရာ အားလုံးကို နေပြည်တော် ရွှေ့သွားတယ်။ နေပြည်တော်မှာ ရွှေတိဂုံစေတီတူ  ဥပ္ပသန္တိက ဆိုတဲ့ စေတီကြီး တည်ထားပြန်တယ်။ သူက ပြည်သူတွေကို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ခြေပန်းကွင်းစွပ်ပြီး ထွက်ခွာသွားတယ်။ သူ့တပည့် ဗိုလ်ချုပ်ဟောင်း ဦးသိန်းစိန်က သမ္မတဖြစ်လာသူကလည်း ဗုဒ္ဓဂါယာပုံစံတူဆိုပြီး နေပြည်တော်မှာ တည်ခဲ့ပြန်သေးတယ်။ NLD အစိုးရ လက်ထက်မှာတော့ ဘုရားမတည်လောက်ဘူး ထင်ထားခဲ့ပေမဲ့ ထာဝရငြိမ်းချမ်းရေးစေတီဆိုပြီး တည်ထားပြန်သဗျ။

ဟောအခု မင်းအောင်လှိုင်က သူ့ဖာသာ ဝန်ကြီးချုပ်ခန့်ပြီး ခေါင်းဆောင်လုပ်လာပြန်တယ်။ အလိုလိုမှ သမ္မတရာထူး ရူးနေတဲ့ မအလကို ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) အုပ်စုက နောက်ပွင့်မယ် ဘုရားလောင်းလို့  မြှောက်ပင့်ပေးလိုက်သေးသဗျာ။

ဒီမှာ YMBA ကို ကျုပ်က မေးကြည့်ချင်တယ်၊ ဘုရားလောင်းတွေမှာ ရှိအပ်တဲ့ ဥဿဟ၊ ဥမင်္ဂ၊ အဝတ္တနန၊ ဟီတ-စရိယ ဆိုတဲ့ ဗုဒ္ဓဘူမိကြီး ၄ ပါးကိုရော သိကြလား၊ မဟာပုရိသ လက္ခဏာတွေရော သိကြရဲ့လား။ မဟာပုရိသ လက္ခဏာထဲမှာ အရပ် ၆ ပေ ကျော်ရမယ်ဆိုတဲ့ အချက်ပါတယ်ဗျ။ အခု ခင်ဗျားတို့က ဘုရားလောင်းလို့ သတ်မှတ်တဲ့ မအလက အရပ် ၅ ပေစွန်းစွန်းပဲ ရှိတာလေ။ ဒါကြောင့် ဂျပုလို့ အားလုံးက ခေါ်ကြတာပေါ့။ ဒီတော့ ကျုပ်အမြင်ပြောရရင် ခင်ဗျားတို့ မအလဟာ ဘုရားလောင်းတော့ မဖြစ်နိုင်ဘူး၊ ဖြစ်ချင်းဖြစ် ဒေဝဒတ်လောင်းပဲ ဖြစ်လိမ့်မယ်။ ဒါကြောင့် ပြည်သူတွေသတ် ရွာတွေမီးရှို့နဲ့ နိုင်ငံကို ဖျက်ဆီးနေတာပေါ့။ ထား…

အခု သူ့ကိုယ်သူ ခေါင်းဆောင်လို့ ထင်မှတ်နေတဲ့ မအလက ကမ္ဘာမှာ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓ ရုပ်ပွားဆင်းတုတော် ဥာဏ်တော်အမြင့်ဆုံး မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်ကြီး တည်ဆောက်မလို့တဲ့ဗျာ။ ဒီမှာ ကျုပ်တို့ပြည်သူတရပ်လုံး ဆင်းရဲတွင်း ရုန်းနေရချိန်မှာ အလိုက်ကန်းဆိုးမသိစွာ အလှူခံနေလေရဲ့..။

အဲတော့ ကျုပ်က စစ်ကိုင်း မင်းကွန်းတောင်ရိုးမှာရှိတဲ့ သာယာဝတီမင်းတည်ထားတဲ့ ပုထိုးတော်ကြီးကို ပြေးမြင်မိသဗျ။ သာယာဝတီမင်းက အကြီးဆုံးစေတီကြီး တည်ဆောက်တာပေါ့လေ။ အဲဒီမှာ ဟူးရား၊ ဗေဒင်တွေက စေတီကြီးပြီးဆုံးရင် နတ်ရွာစံလိမ့်မယ်လို့ အလျှောက်ထားရှိတော့ ဆက်လက် မတည်ဆောက်နိုင်တော့ဘဲ တပိုင်းတန်းလန်းကြီးနဲ့ ရပ်နားလိုက်ရသတဲ့။ ခု အဲဒီ တပိုင်းတန်းလန်းစေတီကြီး မင်းကွန်းမှာ တွေ့မြင်နိုင်သေးတယ်။

ခုလည်း တည်နေတဲ့ မာရဝိဇယရုပ်ပွားတော်ကြီး ပြီးရင်ပဲ မအလ ပြုတ်မလား၊ တပိုင်းတစ မပြီးခင် ပြုတ်မလားပဲ။ သူ့ရှေ့က သူ့ဆရာများကတော့ ဘုရားတည်ပြီး ပြုတ်သွားကြတဲ့ သာဓကတွေ ရှိနေတာကိုး။ ဒါမှမဟုတ် သေချင်းဆိုးနဲ့ သေလိမ့်မယ်လို့ ကျူပ်ပြောချင်တယ်။ ပြုတ်မှာကတော့ သေချာသလောက်ပဲ။ ခုလည်း ခါးရိုးကင်ဆာ ဖြစ်နေတယ် ဘာဖြစ်နေတယ် သတင်းတွေက ထွက်နေတာလေ။ ဒီတော့ မာရဝိဇယ ရုပ်ပွားတော်ကို ပုထိုးတော်ကြီးလို တပိုင်းတန်းလန်း မြင်တွေ့ရဖို့ များနေတယ်… ။

စာကြွင်း။ သာယာဝတီမင်းကတော့ ရူးသွပ်ပြီး သေဆုံးသွားပါကြောင်း..

ဒေါင်းနီ

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up