close

ဂန့်ဂေါမြို့နယ်၌ ရဲစခန်း တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေ၊ စစ်တပ်က ရွာမီးရှို့

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ မင်းရွာရဲစခန်းကို မတ် ၂၃ ရက် မွန်းလွဲပိုင်းက လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သားနဲ့ ရဲ ၅ ယောက်လောက် သေဆုံးခဲ့တယ်လို့ PDF-ဂန့်ဂေါအဖွဲ့ကနေ သိရပါတယ်။

မင်းရွာရဲစခန်းကို မနေ့ မွန်းလွဲ ၂ နာရီ ၄၅ မိနစ်လောက်မှာ PDF-ဂန့်ဂေါ တောင်ပိုင်းတပ်ဖွဲ့က ၈၀ မမနဲ့ ၇ ချက်၊ ၆၀ မမနဲ့ ၆ ချက် ပစ်ခတ်ခဲ့ရာ ရဲစခန်းထဲက ရဲ ၃ ယောက် သေဆုံးခဲ့တယ်လို့ PDF-ဂန့်ဂေါ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်သားတွေဟာ မြစ်သာမြစ် မြောက်ဘက်အတိုင်း ထွက်လာကြလို့ ထပ်မံ မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၂ ယောက် သေဆုံးပြီး အများအပြား ဒဏ်ရာရရှိသွားတယ်လို့ ဆိုပါတယ်။

နှစ်ဘက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်တွေဘက်က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ရမ်းပစ်ခတ်ပေမယ့်လည်း PDF-ဂန့်ဂေါက ရဲဘော်တွေ အထိခိုက် အကျအဆုံးမရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

မြစ်သာမြစ်တဖက်ကမ်းက စစ်ရှောင်ပြည်သူတွေရှိတဲ့ နေရာတွေကို မတ် ၂၀ ရက်ကလည်း စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီးတွေက လက်နက်ကြီးနဲ့ ပစ်ခတ်ကာ စစ်ကြောင်းထိုးလာလို့ ဒေသကာကွယ်ရေး မဟာမိတ်တပ်ဖွဲ့တွေက ပြန်လည်ခုခံရာမှာ PDF ဘက်က ၆ ယောက် ကျဆုံးကာ ၆ ယောက် ဒဏ်ရာရခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူ များပြားနိုင်ပေမယ့် အတည်မပြုနိုင်သေးဘူးလို့ ပြောပါတယ်။

စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီးတွေ စစ်ကြောင်းထိုးတဲ့ လမ်းတလျှောက်ရှိ ရွာမရွာက ဘက်ဟိုးတစီး၊ ထွန်စက် ၂ စီး၊ FORLAND ကားတစီး၊ တော်ဝင်ရွာက ထွန်စက်တစီးနဲ့ FORLAND ကား ၂ စီးကို မီးရှို့ဖျက်ဆီးကာ နွားတွေကိုလည်း ပစ်ခတ်သတ်ဖြတ်သွားတယ်လို့ သိရပါတယ်။

ဂန့်ဂေါမြို့နယ် မွှေ့လယ်ကျေးရွာမှာလည်း မတ်လ၂၄ ရက် ဒီနေ့ မနက်ပိုင်းမှာ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေက ကျေးရွာအတွင်းက နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေနဲ့ ပြည်သူလူထုနေအိမ်တွေကို စာရင်းနဲ့တကွမီးရှို့နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

နောက်ပြီး ‌‌ရွာသားတစ်ယောက် ဖမ်းဆီးခံလိုက်ရကာ ဘုန်းကြီးကျောင်းဝင်းထဲမှာ ကြိုးတုပ် ရိုက်နှက်စစ်ဆေးနေတယ်လို့ သိရပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး  ရွာသားတစ်ဦးက" ကျေးရွာက စစ်တပ်သတင်းပေးတဲ့သူက သတင်းပေးလို့ အခုလို နိုင်ငံရေးမှာ တက်ကြွစွာပါဝင်နေတဲ့ သူတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတာ"လို့ ပြောပါတယ်။

စစ်ကောင်စီတပ်တွေက လတ်တလော ဂန့်‌ဂေါမြောက်ပိုင်းကို  စစ်ကြောင်းထိုးစစ်ဆင်နေတာကြောင့် ‌ဒေသခံပြည်သူတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြဖို့  ယော PDF က သတိပေးထုတ်ပြန်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up