close

ဘေးဥပဒ်ဖြစ်စေသည့် တိုင်းရင်းဆေးထုတ်လုပ်မှု ထိုင်းရဲတပ်ဖွဲ့ ဝင်ရောက်ရှင်းလင်း

ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်း၊ ခွန်ကဲန်ခရိုင်ထဲမှာ တိုင်းရင်းဆေး အမည်ခံပြီး သုံးစွဲသူတွေ ဘေးဥပဒ်ဖြစ်စေတဲ့ ဆေးရည်ထုတ်လုပ်ရောင်းချရာနေရာတွေကို စစ်ဆေးရှင်းလင်းခဲ့တယ်လို့ ထိုင်းနိုင်ငံ ဗဟိုစုံစမ်းစစ်ဆေးရေးရဲတပ်ဖွဲ့က မတ်လ ၂၄ ရက် ဒီနေ့ မနက်ပိုင်း သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

မုတ်ဆိတ်မွေးရှည်အဘိုးအိုတံဆိပ် အပါအဝင် တခြားသော တိုင်းရင်းဆေးအမည်ခံ ဆေးရည်တွေဟာ အားအင်တိုးပွားစေပြီး အဆစ်အမြစ်ကိုက်ခဲတာ၊ ကျောနာ၊ ခါးနာတာ စတဲ့ ဝေဒနာအမျိုးမျိုးကို ပျောက်ကင်းသက်သာစေတဲ့အပြင် အစာလမ်းကြောင်းတလျှောက် ကောင်းမွန်စေတယ်လို့ ကြော်ငြာရောင်းချနေတာ ဖြစ်ပါတယ်။

ဒီဆေးတွေကို ပြည်သူတချို့က ဝယ်ယူသုံးစွဲရာမှာ အစပိုင်းမှာ ပျောက်ကင်းသက်သာမလိုလို ရှိပေမဲ့ နောက်ပိုင်းမှာ  အမှားအယွင်းရှိနေတယ်လို့  တိုင်တန်းလာတဲ့အတွက် စုံစမ်းစစ်ဆေးပြီး ပြီးခဲ့တဲ့ မတ်လ ၂၂ ရက်က ခွန်ကဲန်ခရိုင်ရှိ ဆေးထုတ်လုပ်ရာ နေရာ ၆  နေရာကို သွားရောက်စစ်ဆေးရှင်းလင်းခဲ့တယ်လို့ ထိုင်းနိုင်ငံ အစာနဲ့ ဆေးဝါးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ဝိထစ် စရစ်ထီချိုင်းကွန်းက ပြောပါတယ်။ 

အဆိုပါတိုင်းရင်းဆေးရည် ၁ ပုလင်းထဲမှာ စတီးရွိုက် Steroid အလုံး ၇၀၊ အကိုက်အခဲပျောက်ဆေး အလုံး ၃၀  စုစုပေါင်း ဆေးလုံး ၁၀၀ ပါဝင်ကြောင်း၊ အဆိုပါဆေးတွေဟာ ပမာဏ များလွန်းတဲ့အတွက် ကျောက်ကပ်ကို ဆိုးရွားစွာ ထိခိုက်စေနိုင်ကြောင်း၊ ဒါ့အပြင် ဆေးဝါး ထုတ်လုပ်မှု မှတ်ပုံတင်ခြင်းမရှိ၊ ထိုင်းနိုင်ငံနဲ့ အိမ်နီးချင်းနိင်ငံအချို့တွေကိုပါ တရားမဝင်တင်ပို့ရောင်းချနေကြောင်း စုံစမ်းသိရှိရတဲ့အတွက် သွားရောက်ဖမ်းဆီးနှိမ်နင်းခဲ့တာလို့ ဆိုပါတယ်။ 

ခွန်ကဲန်ခရိုင် ဝိန်းယိုင်မြို့နယ်နဲ့ ဖွန်းမြို့နယ်ရှိ ၄ နေရာကနေ ဘတ် ၁၀ သန်းကျော်တန်ဖိုးရှိ ဆေးအမျိုးအစား ၆၁ မျိုး၊ ဆေးရည်ပုလင်းပေါင်း ၂၀,၀၀၀ ကျော်၊ စတီးရွိုက်ပါဝင်သော ဆေးပြား ၂,၀၉၂,၀၀၀၊ တံဆိပ်မပါ အကိုက်အခဲပျောက်ဆေး ၂,၂၂၄,၀၀၀ လုံး၊ အလာဂျစ် (ဓာတ်မတည့်မှု) ပျောက်ဆေး အလုံး ၅,၀၀၀ ကျော်တို့ကို သိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။ 

ထိုင်းနိုင်ငံရဲ့ စားသုံးသူများကာကွယ်ရေးဆိုင်ရာ ရာဇဝတ်မှုဥပဒေအရ ဘေးဥပါဒ်ဖြစ်စေတဲ့ ဆေးဝါးတွေကို တရားမဝင်ထုတ်လုပ်ရောင်းချပါက ထောင်ဒဏ်အနည်းဆုံး ၆ လမှ ၁၀ နှစ် ဒါမှမဟုတ် ငွေဒဏ် အနည်းဆုံး ဘတ် ၅,၀၀၀ မှ ၁၀၀,၀၀၀ ထိ ဒါမှမဟုတ် ထောင်ဒဏ်ရော ငွေဒဏ်ပါ နှစ်မျိုးလုံးကျခံရမယ်လို့ ဆိုပါတယ် ။ သုံးသူတွေအနေနဲ့ ဆေးတမျိုးမျိုးကို ဝယ်ယူအသုံးပြုတော့မယ်ဆိုရင် အဆိုပါဆေးဟာ တရားဝင်မှတ်ပုံတင်ထားခြင်း ရှိမရှိကို ထိုင်းနိုင်ငံ အစားအစာနဲ့ ဆေးဝါးဌာန ဝက်ဘ်ဆိုက်  www.fda.moph.go.th  မှာ အရင်သွားရောက်ရှာဖွေပြီးမှ သုံးစွဲသင့်ကြောင်း ဒေါက်တာ ဝိထစ်က ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up