close

ရုရှားထိုးစစ်နှေးလာပြီဟု ယူကရိန်းပြော၊ ပစ်မှတ်များကို ဆက်လက်ပစ်ခတ်မည်ဟု ရုရှားတုံ့ပြန်

ရုရှားရဲ့ ထိုးစစ်တွေ နှေးလာပြီလို့ ယူကရိန်းအစိုးရက အခိုင်အမာပြောနေချိန်မှာ ရုရှားက ယူကရိန်း ပစ်မှတ်တွေကို အတိအကျ ချိန်ရွယ် ပစ်ခတ်နိုင်တဲ့ လက်နက်တွေနဲ့ ဆက်ပြီး ပစ်ခတ်သွားမယ်လို့ ကတိပြုလိုက်ပါတယ်။

ယူကရိန်းရဲ့ လဗစ်မြို့နားက အကြီးစား လောင်စာသိုလှောင်ရာနေရာကို ရုရှားတပ်တွေက ဖျက်ဆီးခဲ့ပြီး လဗစ်ရေဒီယို ထပ်ဆင့်လွှင့် စက်ရုံကိုလည်း အတိအကျ ချိန်ရွယ်ပစ်ခတ်နိုင်တဲ့ ပဲ့ထိန်း လက်နက်ခဲယမ်းတွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။ နိုင်ငံအနောက်တောင်ပိုင်းက ကိယက်ဗ်မြို့က ဒုံးကျည်စခန်းတခုကိုလည်း အတိအကျ ချိန်ရွယ်ပစ်ခတ်နိုင်တဲ့ လက်နက်တွေနဲ့ မတ် ၂၆ ရက်နေ့က ပစ်ခတ်ခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက မတ် ၂၇ ရက်မှာ ပြောပါတယ်။

လဗစ်မြို့တော်ဝန်ကလည်း သူ့မြို့ မတ် ၂၆ ရက်နေ့က စပြီး တိုက်ခိုက်ခံနေရကြောင်း ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်ပေါ်ကနေ ပြောပါတယ်။

ရုရှားတပ်တွေဟာ အရင်နေ့က ယူကရိန်းနိုင်ငံတလွှား စစ်ဘက်ပံ့ပိုးမှု အင်္ဂါရပ် ၁၁၇ ခုကို ပစ်ခတ်ခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရက ဆိုပါတယ်။

ရုရှားတပ်တွေ ယူကရိန်းတောင်ပိုင်း ခါဆွန်မြို့ကို လုံးဝ ထိန်းချုပ်နိုင်ပြီဖြစ်ပြီး မိုင်းရှင်းလင်းနေတယ်လို့ ရုရှားစစ်တပ်က အခိုင်အမာ ပြောပါတယ်။

ဒန်ညက်စ်ဒေသ မာရိုင်ပူမြို့ရဲ့ မြို့ပြဒေသတွေမှာ ရုရှားနဲ့ ယူကရိန်းတပ်တွေ တိုက်ပွဲ ဖြစ်နေတုန်းပဲလို့ မြို့တော်ဝန်က ပြောပါတယ်။

အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်ဟာ မတ် ၂၆ ရက်နေ့က ရုရှားသမ္မတ ဗလာဒီမာ ပူတင် အာဏာဆက်တည်မြဲနေလို့ မရဘူးလို့ မိန့်ခွန်းထဲမှာ ပြောခဲ့တာပါ။

ဒါဟာ ရုရှားမှာအစိုးရ အပြောင်းအလဲလုပ်ဖို့ ကြိုးစားနေတာ မဟုတ်ဘူးလို့ အိမ်ဖြူတော်က နောက်ပိုင်းမှာ ပြန်ဖြေရှင်းခဲ့ပါတယ်။

ပူတင်ရဲ့ ဦးဆောင်မှုဟာ ဘိုင်ဒန်က ဆုံးဖြတ်ရမှာ မဟုတ်ဘဲ ရုရှားပြည်သူတွေက ရုရှားသမ္မတကို ရွေးကောက်တင်မြှောက်ထားတာလို့ ရုရှားသမ္မတ နန်းတော် ပြောခွင့်ရ ဒမစ်ထရီ ပဲ့စ်ကို့ဗ်က တုံ့ပြန်ပြောဆိုခဲ့ပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up