close

အိန္ဒိယအစိုးရက မတ်ပဲနှင့် ပဲစင်းငုံတင်သွင်းမှု သက်တမ်း ၁ နှစ် ထပ်တိုး

အိန္ဒိယအစိုးရက မတ်ပဲနဲ့ ပဲစင်းငုံ တင်သွင်းကာလကို ၂၀၂၃ ခုနှစ် မတ် ၃၁ ရက်နေ့အထိ သက်တမ်း ၁ နှစ် ထပ်တိုးလိုက်ပါတယ်။

 ၂၀၁၇ ခုနှစ်နောက်ပိုင်းက စတင်ကာ ပြည်ပက ပဲတင်သွင်းမှုကို ခွဲတမ်းစနစ်နဲ့ ပမာဏကန့်သတ်ပြီး တင်သွင်းစေခဲ့ရာကနေ သူ့နိုင်ငံအတွင်း ပဲလိုအပ်ချက် များပြားနေတာကြောင့် ခွဲတမ်းစနစ်ကို ပယ်ဖျက်ကာ  မတ်ပဲနဲ့ ပဲစင်းငုံ အကန့်အသတ်မဲ့ လွတ်လပ်စွာ တင်သွင်းခွင့်ကို ၂၀၂၂ မတ်လ ၃၁ ရက်နေ့အထိ ခွင့်ပြုထားခဲ့တာပါ။ 

အခုအခါ ၂၀၂၃ ခုနှစ် မတ် ၃၁ ရက်နေ့အထိ  သက်တမ်း ၁ နှစ် ထပ်မံတိုးမြှင့်လိုက်တာပဲ ဖြစ်ပါတယ်။

တဖက်မှာလည်း  မြန်မာ−အိန္ဒိယ နှစ်နိုင်ငံအကြား GtoG အစီအစဉ်နဲ့ မတ်ပဲတန်ချိန် ၂ သိန်းခွဲနဲ့ ပဲစင်းငုံတန်ချိန် ၁ သိန်းတို့ကို ၂၀၂၁−၂၀၂၂ ဘဏ္ဍာနှစ်ကနေ စတင်ပြီး ၅ နှစ်တာ နှစ်စဥ် တင်သွင်းခွင့်ရရှိထားတာဖြစ်လို့   မြန်မာနိုင်ငံ ပဲတင်ပို့သူတွေအနေနဲ့  MOU အရ တင်ပို့မှုအပြင် အိန္ဒိယနိုင်ငံအစိုးရက နှစ်စဉ်ထုတ်ပြန်တဲ့ နိုင်ငံတကာပဲ Quota နဲ့လည်း တင်ပို့ခွင့်ရရှိမှာ ဖြစ်ပါတယ်။ 

အဲဒီလို သက်တမ်းမတိုးခင် မတ်လ တတိယပတ်က စတင်ပြီး ပြည်တွင်းစျေးကွက်မှာ  မတ်ပဲနဲ့ ပဲစင်းငုံဈေးတွေ မြင့်တက်လာပါတယ်။ ရန်ကုန်ဈေးကွက်မှာ မတ်ပဲက ၁ တန်ကို ၁၅ သိန်းကျော်ထိ မြင့်တက်ခဲ့ပြီး ပဲစင်းငုံက ၁ တန်ကို ကျပ် ၁၄၅၀,၀၀၀ ၀န်းကျင်ထိ မြင့်တက်ခဲ့ပါတယ်။ 

တင်သွင်းခွင့်ကာလ ထပ်တိုးတဲ့အတွက် ပြည်တွင်းမတ်ပဲဈေး ခေတ္တအနည်းငယ် ပြန်အေးနိုင်ပေမယ့် အိန္ဒိယနိုင်ငံက အခုလို ခွင့်ပြုလုပ်တာဟာ သူတို့ရဲ့ ပြည်တွင်းပဲဈေးနှုန်းကို ထိန်းထားလိုတာကြောင့် ဖြစ်တယ်လို့ စျေးကွက်ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။

သက်တမ်းတိုးမြှင့်တဲ့ သတင်းထွက်လာတဲ့ ဒီနေ့မှာပဲ မတ်ပဲစျေး အနည်းငယ် ပြန်ကျဆင်းသွားပါတယ်။

ပဲစင်းငုံနီကတော် အရင်က အိန္ဒိယရဲ့ ပဲတင်သွင်းခွင့် မူ၀ါဒကို စောင့်ကြည့်နေကြတာကြောင့်   အမြင့်စျေးနဲ့ ငြိမ်နေပြီး အရောင်းအ၀ယ်အေးနေခဲ့ရာကနေ အိန္ဒိယနိုင်ငံမှာ အထွက်နှုန်း လျော့ကျနိုင်တဲ့ အခြေအနေနဲ့ တင်သွင်းခွင့် သက်တမ်းတိုးလိုက်တာကြောင့်  စျေးပြန်လည် မြင့်တက်လာနိုင်တယ်လို့ ခန့်မှန်းသုံးသပ်ထားကြပါတယ်။

ဒီနေ့ မတ်လ ၂၉ ရက်နေ့ ဘုရင့်နောင်ကုန်စည်ဒိုင်ဈေးနှုန်းအရ မတ်ပဲ ၁ တန်ကို  ကျပ် ၁,၄၉၇,၅၀၀ ဖြစ်ပြီး၊ ပဲစင်းငုံ ၁ တန်ကို ကျပ် ၁,၄၄၀,၀၀၀ ဖြစ်ပါတယ်။ တစ်ရက်အတွင်း မတ်ပဲ ၁ တန်ကို ကျပ် ၁၀,၀၀၀ ကျဆင်းသွားပြီး၊ ပဲစင်းငုံက မနေ့ကအတိုင်း စျေးငြိမ်နေပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ပြည်ပကို ပဲမျိုးစုံတင်ပို့ရာမှာ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ စတဲ့ ပဲအမျိုးအစား သုံးခုကို အများဆုံး တင်ပို့နေတာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up