close

စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကရင်နီစစ်ရှောင် ၁ ဦး သေဆုံး၊ ၁ ဦး ဒဏ်ရာရ

ကရင်နီ(ကယား) ပြည်နယ် ဒီးမော့ဆိုမြို့နယ် အနောက်ခြောက်  ဒေါတော်ကူးကျေးရွာအတွင်း မနေ့ ညနေပိုင်း စစ်ကောင်စီဘက်က ရမ်းသမ်းပစ်ခတ်တဲ့ လက်နက်ကြီး ကျရောက်တာကြောင့် စစ်ရှောင် ၂ ဦး ထိမှန်ပြီး ၁ ဦး သေဆုံးသွားပါတယ်။

မတ် ၂၈ ရက်နေ့ ညနေပိုင်းမှာ ဒေါတော်ကူး ကျေးရွာအတွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တာဖြစ်ပြီး အသက် ၅၀ ကျော်အမျိုးသမီး ၁ ဦးနဲ့ အသက် ၆၀ အရွယ် အမျိုသား ၁ ဦး ထိမှန်ခဲ့ပါတယ်။

ခေါင်းမှာ ဒဏ်ရာရတဲ့ အမျိုးသမီးကတော့ ဆေးရုံပို့ဆောင်ရင်း ဆုံးသွားတာလို့ စစ်ရှောင်ကူညီသူ တဦးက ပြောပါတယ်။

“အဲဒီညနေပိုင်းမှာ လက်နက်ကြီးကျတယ်။ ပြီးတော့မှ ဆေးရုံကို ပို့လိုက်တယ်။ အဒေါ်တယောက်ကတော့ အဲဒီညမှာပဲ ဆုံးသွားတယ်။”

အသက် ၆၀ အရွယ် အမျိုးသားကတော့ ညာဘက်လက်မှာ လက်နက်ကြီးစထိမှန် ဒဏ်ရာရသွားပြီး ဆေးကုသမှု ခံယူနေရပါတယ်။

ဒေါတော်ကူးကျေးရွာမှာ လက်ရှိ ဒေသခံ ရွာသားတွေအပြင် စစ်ရှောင်တချို့လည်း သွားရောက်ခိုလှုံနေကြတာပါ။

ဒီးမော့ဆိုမြို့နယ်မှာ အခုရက်ပိုင်း နှစ်ဖက် ထိတွေ့တိုက်ပွဲဖြစ်ပွားတာ မရှိပေမယ့် စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ရော လေယာဉ်တွေနဲ့ပါ လည့်ပတ်ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကရင်နီပြည်နယ်မှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ် ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် သေဆုံးခဲ့တဲ့ အရပ်သားပြည်သူ ၂၃၅ ဦး ရှိပြီလို့ ကရင်နီလူမှုအဖွဲ့ဆီကနေ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up