ကိယက်ဗ်နှင့် ချာနီဟိဗ်မြို့အနီး စစ်ရေးလှုပ်ရှားမှုများ လျှော့ချမည်ဟု ရုရှားပြော

ယူကရိန်းမြို့တော် ကိယက်ဗ်နဲ့ မြောက်ပိုင်း ချာနီဟိဗ်မြို့ ဝန်းကျင်ရှိ စစ်ရေးလှုပ်ရှားမှုတွေကို သိသိသာသာ လျှော့ချသွားမယ်လို့ ရုရှား လက်ထောက်ကာကွယ်ရေးဝန်ကြီး အလက်ဇန်းဒါး ဖိုမင်က ပြောပါတယ်။
တူရကီနိုင်ငံမှာ နှစ်နိုင်ငံကိုယ်စားလှယ်တွေ ဆွေးနွေးပွဲအပြီး ဖိုမင်က ပြောလိုက်တာပါ။ စစ်ရပ်စဲရေးအတွက် တိုးတက်မှုအလားအလာ ရှိနေတယ်လို့လည်း ဆိုပါတယ်။
“အပြန်အလှန်ယုံကြည်မှု တိုးတက်ဖို့၊ နောက်ထပ်ဆွေးနွေးမှုအတွက် လိုအပ်တဲ့ အခြေအနေတွေ ဖန်တီးဖို့နဲ့ သဘောတူစာချုပ် ရေးထိုးနိုင်မယ့် ပန်းတိုင်ကို ရရှိဖို့အတွက် အခု ကိယက်ဗ်နဲ့ ချာနီဟိဗ်မြို့တွေမှာ ရုရှားစစ်ရေးလှုပ်ရှားမှုတွေကို အများကြီး လျှော့ချဖို့ ဆုံးဖြတ်လိုက်တာပါ” လို့ သတင်းထောက်တွေကို ပြောပါတယ်။
ဒါပေမဲ့ သူက ရုရှားတပ်တွေ ထိုးစစ်အကြီးအကျယ်လုပ်နေတဲ့ ယူကရိန်း အရှေ့ဘက်နဲ့ တောင်ဘက် အခြေအနေတွေကိုတော့ ပြောဆိုခြင်း မရှိပါဘူး။
ရုရှားဆွေးနွေးရေးခေါင်းဆောင် ဗလာဒီမာ မက်ဒင်စကီးကလည်း အခု တူရကီဆွေးနွေးပွဲက တိုးတက်မှုရှိပြီး နှစ်နိုင်ငံ ငြိမ်းချမ်းရေးစာချုပ် ချုပ်ရင် ဗလာဒီမာပူတင်နဲ့ ဗိုလိုဒီမာ ဇလန်းစကီးတို့ တွေ့ဆုံလိမ့်မယ်လို့ ပြောပါတယ်။