close

ရုရှားနှင့် ကုန်သွယ်မှုမလုပ်ရန် ဒိန်းမတ်ပါလီမန်ကို ယူကရိန်းသမ္မတ မိန့်ခွန်းပြော

ရုရှားနဲ့ ကုန်သွယ်မှု အဆက်အဆံမလုပ်ဖို့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက ကမ္ဘာ့နိုင်ငံရေး၊ စီးပွားရေး တည်ငြိမ်မှုအရှိဆုံးနိုင်ငံ ဒိန်းမတ်ရဲ့ ပါလီမန်ကို ဗွီဒီယိုကတဆင့် စကားပြောခဲ့ပါတယ်။
ဥရောပအနေနဲ့ ရုရှားနဲ့ ကုန်သွယ်မှုမလုပ်ဖို့၊ ရေနံမဝယ်ဖို့၊ ရုရှားသင်္ဘောတွေ ဆိပ်ကမ်းအကပ်မခံဖို့ အပါအဝင် စီးပွားရေးပိတ်ဆို့မှု တင်းတင်းရင်းရင်း လုပ်သွားရမယ်လို့ ဇလန်းစကီးက ပြောပါတယ်။
“ရုရှားရဲ့ ယူကရိန်းကို ကျူးကျော်မှု၊ ဥရောပရဲ့ နေ့စဉ်လူမှုဘဝတွေအပေါ် ဆန့်ကျင်မှုက ဥရောပတတိုက်လုံး ပြောင်းလဲမှုတွေ ဖြစ်စေပါတယ်။ ဥရောပဟာ ရုရှားရေနံဝယ်ယူမှုကို ဖြစ်နိုင်တဲ့နည်းနဲ့ ရပ်ပစ်ရမယ်၊ ရုရှားက စွမ်းအင်ကရတဲ့ အမြတ်ငွေနဲ့ ဥရောပကို မျက်နှာပြောင်တိုက်နေတာပါ။”
ရုရှားက ကျူးကျော်စစ်အတွင်း အပြစ်မဲ့ အရပ်သား အများအပြားကို သတ်ဖြတ်ခဲ့ပြီး ယူကရိန်းပြည်သူ ၃ သန်းကျော် ဥရောပနိုင်ငံတွေကို ထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။
“ကျူးကျော်သူတွေဟာ ကျနော်တို့ အပြစ်မဲ့အရပ်သား အများအပြားကို သတ်ပစ်ခဲ့တယ်။ လူ ၃ သန်းကျော် ဥရောပနိုင်ငံတွေကို ထွက်ပြေးရတယ်။ အမျိုးသမီးတွေနဲ့ အရွယ်မရောက်သေးတဲ့ မိန်းကလေးတွေကို အဓမ္မကျူးလွန် သတ်ပစ်တယ်။ မိဘတွေ သေဆုံး ပျောက်ဆုံးသွားတဲ့ ကလေး ၂,၀၀၀ ကျော်ကို ရုရှားထဲ ခေါ်ယူသွားတယ်။ အဲဒီကလေးတွေ ဘယ်မှာထားလဲ ကျနော်တို့ မသိရဘူး။ မရီယူပိုလ်းမြို့မှာလည်း အစာရေစာပြတ်လပ်ပြီး လူ ၁ သိန်းကျော် ပိတ်မိနေတယ်။”
ဒါ့ကြောင့် ရုရှားနဲ့ ကုန်သွယ်မှု အဆက်အဆံ မလုပ်ကြဖို့ မေတ္တာရပ်ခံကြောင်း ယူကရိန်းသမ္မတက ပြောပါတယ်။
“ဒီတော့ ခင်ဗျားတို့ ဒိန်းမတ်တွေနဲ့ ဒီမိုကရေစီကမ္ဘာကို ကျနော် မေတ္တာရပ်ခံပါတယ်။ ရုရှားနဲ့ ကုန်သွယ်မှု အဆက်အဆံ မလုပ်ကြပါနဲ့၊ ရုရှားသင်္ဘောတွေ ခင်ဗျားတို့ ဆိပ်ကမ်းကို အကပ်မခံနဲ့၊ ဥရောပအဖွဲ့ဝင်တွေ နိုင်ငံရေးညီညွတ်ကြရမယ်။”

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up