ကွင်းလယ်နှင့်ခံစစ်ကစားသမား ၂ ဦး ခေါ်ယူခဲ့ပြီးဟု ဘာစီလိုနာ အတည်ပြု

ကွင်းလယ်နဲ့ ခံစစ်ကစားသမား ၂ ဦးကို ခေါ်ယူစာချုပ်ခဲ့ပြီလို့ ဘာစီလိုနာအသင်းဥက္ကဋ္ဌ လာပေါ်တာက အတည်ပြုသွားပါတယ်။
ဘာစီလိုနာအခြေစိုက် ရေဒီယိုတခုဖြစ်တဲ့ RAC1 နဲ့ အင်တာဗျူးမှာ ကစားသမားသစ် ၂ ဦးကို ခေါ်ယူစာချုပ်ပြီးဖြစ်တယ်လို့ အသင်းဥက္ကဋ္ဌ လာပေါ်တာက အတည်ပြုခဲ့ပြီး နာမည်တွေကိုတော့ လက်ရှိအချိန်မှာ ထုတ်ဖော်ပြောဆိုဖို့ မသင့်တော်သေးကြောင်း ပြောပါတယ်။
“လာမယ့်ရာသီအတွက် ကစားသမား ၂ ဦးကို ခေါ်ယူစာချုပ်ပြီးပါပြီ။ ၁ ဦး ကွင်းလယ်လူ၊ နောက် ၁ ဦးက ဗဟိုခံစစ်မှူးပါ။ ဒါပေမဲ့ သူတို့ရဲ့အမည်တွေကိုတော့ ပြောခွင့်မရှိသေးပါဘူး” လို့ လာပေါ်တာက ပြောပါတယ်။
သတင်းတွေအရတော့ အေစီမီလန်က အိုင်ဗရီကို့စ်ကွင်းလယ်လူ ဖရန့်ကတ်ဆီးနဲ့ ချဲလ်ဆီးနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် ဒိန်းမတ်နောက်ခံလူ ခရစ္စတီယန်ဆန်တို့ဖြစ်တယ်လို့ သိရပါတယ်။
ဘာစီလိုနာအသင်းဟာ ကတ်ဆီးကို ဝါရင့်ကွင်းလယ်လူ ဘူးစကွက် အနားယူချိန်မှာ အရန်သင့်အစားထိုးအသုံးပြုနိုင်ဖို့ ရည်မှန်းထားတယ်လို့ သိရပါတယ်။