close

တက္ကသိုလ်ဝင်တန်းစာမေးပွဲ မြန်မာစာမေးခွန်းတွင် ကြိုတင်ခန့်မှန်းမေးခွန်း အများဆုံးပါဝင်

PHOTO- NPTC

စစ်ကောင်စီက စီစဉ်ကျင်းပပြီး ဒီနေ့ မတ် ၃၁ ရက်မနက်က စတင်ဖြေဆိုရတဲ့ တက္ကသိုလ်ဝင်တန်း စာမေးပွဲ မြန်မာစာမေးခွန်းဟာ အရင်နှစ်တွေကထက် ပိုမိုလွယ်ကူခဲ့ပြီး မဖြေခင် တညအလိုတည်းက စစ်ကောင်စီရဲ့ မီဒီယာတွေမှာ ပြသခဲ့တဲ့ နမူနာမေးခွန်းအများစု ပါရှိလာပါတယ်။

ဒါ့အပြင် ကြိုတင်ခန့်မှန်း မေးခွန်းတွေ ထုတ်ဝေတဲ့ မြန်မာစာဂျာနယ်က မေးခွန်းတွေ အများဆုံးပါဝင်ခဲ့ကာ မဖြေခင်ညတည်းက ပါမယ့်ကဗျာတွေကို လူမှုကွန်ရက် စာမျက်နှာတွေက သိထားပြီးဖြစ်တယ်လို့ စာမေးပွဲဖြေဆိုသူ ကျောင်းသားတွေထံမှ သိရပါတယ်။

စာမေးပွဲကာလဟာ ဒီနေ့ မတ် ၃၁ ရက်ကနေ ဧပြီ ၉ ရက်နေ့အထိဖြစ်ပြီး အခုနှစ် စာမေးပွဲကို လာရောက်ဖြေဆိုတဲ့ ကျောင်းသား ကျောင်းသူ အရေအတွက်ကတော့ အရင်နှစ်တွေနဲ့ယှဉ်ရင် ၁၀၀ မှာ ၃၀ ရာခိုင်နှုန်းလောက်ပဲ ရှိတယ်လို့ သိရပါတယ်။

စာသင်းကျောင်းအနီးအနားကို သွားရောက်ခဲ့သူတဦးက “နိုင်ငံရေးခံယူချက် ပြင်းထန်သူတွေကတော့ မဖြေကြဘူးပေါ့၊ အရင်နှစ်တွေကဆို စာမေးပွဲကာလဆို လမ်းမကြီးတွေကို ပိတ်ထားရပြီး ကျောင်းရှေ့မှာ လူတွေအပြည့်ပဲ၊ တကယ်ကို တခဲနက် လာဖြေကြတာ၊ ဒီနှစ်တော့ ကျောင်းတကျောင်းမှာ လူက ၁၀၀၊ ၂၀၀ ဝန်းကျင်ပဲရှိတယ်။ စာမေးပွဲလာဖြေတဲ့သူက တော်တော်ကိုနည်းတယ်” လို့ ဒီဗွီကို ပြောပါတယ်။

မြန်မာနိုင်ငံတဝန်း ၃၂ မြို့နယ်ရှိ စာစစ်ဌာန ၁,၂၅၆ ဌာနမှာ တက္ကသိုလ်ဝင်တန်း ကျောင်းတွင်း ဖြေဆိုသူ ၂၀၀,၇၆၈ ဦး၊ အလွတ်ဖြေ ၁၁၁,၅၃၁ စုစုပေါင်း ၃၁၂,၂၉၉ ဦး ဖြေဆိုဖို့ စာရင်းသွင်းထားပါတယ်။

ရခိုင်ပြည်နယ်က ၄၅,၅၉၂ ဦးနဲ့ စာဖြေသူ အများဆုံးဖြစ်ပြီး ဧရာဝတီတိုင်းက ၄၀,၃၂၀ ဦးနဲ့ ဒုတိယ၊ ရန်ကုန်တိုင်းက ၃၇,၅၆၀ ဦးနဲ့ တတိယ၊ မန္တလေးတိုင်းက ၃၇,၂၀၂ ဦးနဲ့ ကျောင်းသားအရေအတွက် စတုတ္ထအများဆုံး ဖြေဆိုကြဖို့ စာရင်းသွင်းထားတယ်လို့ ပညာရေးဌာနကနေ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up