close

ရခိုင်တွင် လုံခြုံရေးအရ စာစစ်ဌာန ၂ဝ မြို့ပေါ်သို့ ပြောင်းရွှေ့ဖြေဆိုရ

ရခိုင်ပြည်နယ်အတွင်း အာဏာသိမ်းစစ်ကောင်စီက ကျင်းပတဲ့ ၂၀၂၁/၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲအား လုံခြုံရေးအခြေအနေကြောင့် စာစစ်ဌာန ၂ဝ ကို မြို့ပေါ် ပြောင်းရွှေ့ ဖြေဆိုခဲ့ရတယ်လို့ သိရပါတယ်။

"ဟုတ်ပါတယ်။ လုံခြုံရေးအရ မြို့နယ် ၆ မြို့နယ်က စာစစ်ဌာန ၂၀ ကို မြို့ပေါ်ကို ပြောင်းရွှေ့စစ်ခဲ့ရတယ်” လို့ တာဝန်ရှိသူတဦးက ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်း တက္ကသိုလ်ဝင်စာမေးပွဲ စာစစ်ဌာန ၁၂၈ ခု ဖွင့်လှစ်ထားပြီး နယ်မြေလုံခြုံရေးအရ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏကျွန်း၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦး စတဲ့ ၆ မြို့နယ်က စာစစ်ဌာန ၂၀ ကို မြို့ပေါ်ပြောင်းရွှေ့ စစ်ဆေးခဲ့ရတာပါ။

၂၀၂၀/၂၀၂၁ ပညာသင်နှစ်အတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် တနိုင်ငံလုံးရှိ အခြေခံပညာကျောင်းတွေကို ပိတ်ထားခဲ့ကြရပြီး ကျောင်းသူကျောင်းသားတွေ ပညာရေး ၁ နှစ် ဆုံးရှုံးခဲ့ကြရပါတယ်။

အခု ၂၀၂၁/၂၀၂၂ ပညာသင်နှစ်မှာတော့ စစ်အာဏာသိမ်းမှုနဲ့ ကိုဗစ်ကြောင့် ကျောင်းတွေ ယာယီပိတ်ထားခဲ့ကြရပြီး နိုဝင်ဘာ ၁ ရက်မှစတင်ကာ ပြန်လည်ဖွင့်လှစ် သင်ကြားနိုင်ခဲ့ကာ ကျောင်းသူ၊ ကျောင်းသားတွေ စာသင်ချိန်ကာလ ၆ လလောက် ရရှိခဲ့ကြတာပါ။

ရခိုင်ပြည်နယ်တခုလုံးမှာ တက္ကသိုလ်စာမေးပွဲ ဖြေဆိုဖို့ စာရင်းပေးထားသူ အယောက် ၄၅,၆၀၀ ရှိပြီး အဲဒီက ၄၁,၇၅၃ ယောက် ဖြေဆိုခဲ့ကာ ၃,၈၄၇ ယောက် ပျက်ကွက်ခဲ့တယ်လို့ စစ်ကောင်စီ ပညာရေးဌာနရဲ့ အချက်အလက်တွေအရ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up