ကွာရန်တင်းမှ ပြန်ထွက်လာသည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် တရားရုံးချိန်း လာရောက်

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ မတ်လ ၃၁ ရက်နေ့ ရုံးချိန်းကို လာရောက်ခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းကနေ စုံစမ်းသိရပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ သူနဲ့အတူနေသူတွေ ကိုဗစ်ရောဂါ ကူးစက်ခံထားရတာကြောင့် ပြီးခဲ့တဲ့ ရက်ပိုင်းက ကွာရန်တင်း၀င်နေရတဲ့အတွက် တရားရုံးကို မလာရောက်နိုင်ဘဲ ဒီနေ့မှ ရောက်လာတာဖြစ်ပါတယ်။
ဒီနေ့မှာတော့ သြစတြေးလျနိုင်ငံသား စီးပွားရေးပညာရှင် ရှောင်တာနယ်လ်ကို စွဲဆိုထားတဲ့ မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေပုဒ်မ ၃-၁ (ဂ)ကို ဒီကနေ့ ဇမ္ဗူသီရိအထူးတရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့ပြီး အမှုတွဲပါ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ရုံးချိန်းကို လာရောက်ခဲ့တာဖြစ်တယ်လို့ တရားရုံးနဲ့နီးစပ်သူက ပြောပါတယ်။
ဒီအမှုမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပြင် ဦးစိုးဝင်း(စီမံ/ ဘဏ္ဍာဝန်ကြီး)၊ ဦးဆက်အောင်(စီမံ/ဘဏ္ဍာ/စက်မှု ဒုဝန်ကြီး)နဲ့ ဦးကျော်ဝင်း(စီမံ/ဘဏ္ဍာဝန်ကြီးဟောင်း)တို့လည်း အမှုတွဲအဖြစ် တရားစွဲခံထားရတာ ဖြစ်ပါတယ်။
မနက်ဖြန် ဧပြီ ၁ ရက်မှာတော့ ၂၀၂၀ ရွေးကောက်ပွဲမှာ နိုင်ငံတော်သမ္မတ ဦး၀င်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဦးမင်းသူတို့က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အပေါ်မှာ မလျော်သြဇာလွှမ်းမိုးခဲ့တဲ့ စွပ်စွဲချက်နဲ့ တရားစွဲထားတဲ့ ရာဇသတ်ကြီးပုဒ်မ ၁၃၀-က အမှုကို ရုံးထုတ်စစ်ဆေးမှာ ဖြစ်ပါတယ်။