close

PDF ကို ငွေကြေးထောက်ပံ့မှုစွဲချက်ဖြင့် သံတွဲဒေသခံ အမျိုးသမီး ၃ ဦး နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံရ

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေကို ငွေကြေးထောက်ပံ့တယ်ဆိုပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မတွေနဲ့ တရားစွဲခံထားရတဲ့ သံတွဲမြို့က အမျိုးသမီး ၃ ဦးကို မတ် ၃၁ ရက်နေ့မှာ သံတွဲခရိုင်တရားရုံးက ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်လိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

“သူတို့ကို စွဲဆိုတာက အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မနဲ့ တရားစွဲဆိုတာပါ။ စွဲချက်ကလည်း အဲဒီပုဒ်မနဲ့ပဲ တင်လိုက်တာပါ။ မတ်လ ၁၇ ရက်နေ့က နှစ်ဖက် လျှောက်လဲချက်တွေ ပေးခဲ့ကြပြီးတော့ ဒီနေ့ မတ်လ ၃၁ ရက်နေ့မှာ ၃ ဦး စလုံးကို ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်လိုက်တာပါ။ အလုပ်ကြမ်းတော့ မပါဘူး။ ချုပ်ရက်က တပေါင်းတည်း ခံစားခွင့်ရှိပါတယ်။ အယူခံတင်ဖို့ မတင်ဖို့ကတော့ မိသားစုနဲ့ ဆွေးနွေးရဦးမှာဖြစ်တယ်။”

ထောင်ဒဏ် ချမှတ်ခံလိုက်ရတဲ့ အမျိုးသမီး ၃ ဦးကတော့ ဒေါ်စန်းချိုသိုက်၊ ဒေါ်တင်စန္ဒာဝင်းနဲ့ ဒေါ်ငြိမ်းအိဖြိုးကျော်တို့ ဖြစ်ကြပါတယ်။

သူတို့ ၃ ယောက်ကို သံတွဲမြို့မရဲစခန်းမှူး ဒုရဲမှူးဝင်းနိုင်စိုးက တရားလိုလုပ်ကာ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ် ၅၀(ည) နဲ့ သံတွဲခရိုင်တရားရုံးမှာ စွဲဆိုခဲ့တာပါ။

“တရားလိုဘက်က သက်သေ ၁၆ ယောက်လောက် သက်သေထွက်ခဲ့တယ်။ ဒီ အမျိုးသမီးသုံးယောက်ဟာ PDF၊ NUG အဖွဲ့တွေနဲ့ ဆက်သွယ်တယ်ဆိုတဲ့ သက်သေ ဘာတခုမှ မပြနိုင်ဘူး။ ဖေ့စ်ဘွတ်ခ်ချက်ဘောက်မှာ စစ်အစိုးရကို မထောက်ခံကြောင်း လူငယ်ချင်းချင်း ဆဲဆိုထားတဲ့ မက်ဆေ့တွေပဲ ရဲက သက်သေပြနိုင်တယ်။ တခြား ဘာသက်သေမှ မပြနိုင်ဘူး။ သူတို့မှာ အပြစ်မရှိဘူးဆိုတာ အားလုံးလည်း သိတယ်။ ဒါပေမဲ့ ဒီနေ့မှာ အမျိုးသမီးသုံးဦးစလုံးကို ထောင် ၁၀ နှစ်စီ အပြစ်ပေးလိုက်ကြတယ်” လို့ သံတွဲမြို့ခံတယောက်က ပြောပါတယ်။

ဒီနေ့ တရားခွင်မှာ တရားသူကြီးက အမိန့်ချဖို့ ဖတ်ကြားနေတုန်း အသက်အရွယ်ကြီးပြီး ကျန်းမာရေးလည်း မကောင်းတဲ့ ဒေါ်စန်းချိုသိုက်ဟာ သတိလစ်မေ့လဲသွားတာကြောင့် သံတွဲနယ်ခံ စေတနာပရဟိတအဖွဲ့က ဆေးရုံကို ပို့ပေးခဲ့ရပါတယ်။

အခုထောင်ဒဏ်ချမှတ်ခံလိုက်ရတဲ့ ဒေါ်ငြိမ်းအိဖြိုးကျော်ရဲ့ အသက် ၂ နှစ်အရွယ် သမီးငယ်ဟာ မိခင် ဖမ်းဆီးခံထားရတာကြောင့် အကျဉ်းထောင်ထဲ လိုက်နေစဉ် နေမကောင်းဖြစ်ပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၇ ရက်နေ့က သံတွဲအကျဉ်းထောင်မှာ သေဆုံးခဲ့ပါတယ်။

ရခိုင်ပြည်နယ်မှာ PDF နဲ့ ဆက်စပ်တယ်ဆိုပြီး ဖမ်းဆီး တရာစွဲခံထားရသူ ၁၀ ဦးထက်မနည်းရှိပြီး ၄ ဦးမှာ နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up