close

မတူပီမြို့နယ်တွင် စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၁၆ ဦးခန့် သေဆုံး

ချင်းပြည်နယ် မတူပီမြို့နယ်မှာ မတ် ၃၁ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၁၆ ယောက်လောက် သေဆုံးခဲ့တယ်လို့ မတူပီ CDF ကနေ သိရပါတယ်။

မကွေးတိုင်း ကျောက်ထုမြို့ကနေ မတူပီဘက်ကို ထွက်လာတဲ့ စစ်ကောင်စီယာဉ်တန်းကို သွားရောက်ကြိုဆိုတဲ့ ခမရ ၃၀၄ တပ်ရင်းက စစ်ကောင်စီတပ်သား အင်အား ၈၀ လောက်ကို မတူပီ CDF က မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ မတူပီ CDF ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

အဲဒီ စစ်ကောင်စီယာဉ်တန်းနဲ့ မတူပီ CDF တို့ မတ် ၃၁ မနက် ၇ နာရီကျော်လောက်က မတူပီ-မင်းတပ်ကားလမ်း ချန်းပြန်းရွာသစ်နဲ့ ချန်းပြန်းရွာဟောင်းကြားမှာ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်ဆီတပ်တွေ မနက် ၈ နာရီလောက်မှာ ဆုတ်ခွာသွားကာ မနက် ၉ နာရီကျော်လောက်မှာ ပြန်လည်ထိုးစစ်ဆင်လာလို့ တိုက်ပွဲထပ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

မိုင်းခွဲတိုက်ခိုက်တာနဲ့ နှစ်ဖက် ထိတွေ့တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က ၁၆ ယောက်လောက် သေဆုံးပြီး အများအပြား ဒဏ်ရာရရှိသွားကာ မတူပီ CDF ဘက်က ရဲဘော်တွေ အထိအခိုက် အကျအဆုံးမရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြတယ်လို့ ပြောပါတယ်။

မတူပီအခြေစိုက် စစ်ကောင်စီရဲ့ စစ်ဗျူဟာတပ်ရင်းက ပြည်သူပိုင် မြေသယ်ကားတွေနဲ့ အင်အားတွေ ထပ်ဖြည့်နေတယ်လို့ သတင်းရထားပြီး တိုက်ပွဲတွေ ဆက်လက်ပြင်းထန်လာနိုင်လို့ မိဘပြည်သူတွေအနေနဲ့ CDF အတွက် ဆုတောင်းပေးကြဖို့ တိုက်တွန်းထားပါတယ်။

နှစ်ဖက်တိုက်ပွဲတွေနဲ့ ပတ်သက်လို့ ထိခိုက်သေဆုံးတဲ့ အခြေနေကိုတော့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up