close

စစ်ကျွန်စာမေးပွဲကို သပိတ်မှောက်ရန် CSST တိုက်တွန်း

စစ်ကောင်စီက စီစဉ်ကျင်းပနေတဲ့ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို သွားဖြေတဲ့ ကျောင်းသား/ကျောင်းသူတွေကို အင်မတန် စိတ်ပျက်မိတဲ့အကြောင်းနဲ့ စစ်ကျွန်တွေ မွေးထုတ်ပေးတဲ့ စာမေးပွဲကို သပိတ်မှောက်ကြဖို့ CDM Students Supporting Team - CSST ရဲ့ အထွေထွေအတွင်းရေးမှူးချုပ်က တိုက်တွန်းလိုက်ပါတယ်။

“စာမေးပွဲဖြေတာ သုံးပုံတပုံရှိတဲ့ ပမာဏကတော့ အလွန်နည်းပါတယ်။ အခုလို သွားဖြေတဲ့ ကျောင်းသား/ကျောင်းသူတွေကိုလည်း အင်မတန် စိတ်ပျက်မိပါတယ်။ မိဘတွေ ဖိအားကြောင့် ဖြေတဲ့သူရှိသလို ကိုယ့်သဘောဆန္ဒအရ ဖြေတဲ့သူတွေလည်း ရှိပါတယ်။ ဒါဟာ စစ်ကောင်စီရဲ့ နိုင်ငံရေး အမြတ်ထုတ်တာကို ခံလိုက်ရတာပဲ ဖြစ်တယ်လို့ ပြောချင်ပါတယ်။ CDM Id Card ကတော့ လျှောက်လို့ မရသေးဘူး‌လို့ သိထားတယ်။ အခုလောလောဆယ်မှာ CSST ဘက်ကနေပြီး အချက်အလက် တိကျလို့ရှိရင်တော့ Id Card လျှောက်ရင် လိုအပ်တဲ့ CDM Student ဖြစ်ကြောင်း ထောက်ခံစာကို ထုတ်ပေးနေပါတယ်။ အကယ်၍ Id Card တွေ လျှောက်လို့ရရင်တော့ ပမာဏက အရမ်းများမယ်လို့ ယူဆလို့ ရပါတယ်။ အခုလက်ရှိ ထောက်ခံစာ လာလုပ်တဲ့သူတွေလည်း အရမ်းကို များလာပါတယ်” လို့ CDM Students Supporting Team - CSST ရဲ့ အထွေထွေ အတွင်းရေးမှူးချုပ်က ဒီဗွီဘီကို ပြောပါတယ်။

မြန်မာနိုင်ငံဟာ စစ်အာဏာရှင်စနစ်အောက်မှာ မျိုးဆက်နဲ့ချီ နေခဲ့ကြရတာကြောင့် နိုင်ငံ့ရဲ့ ပညာရေးဟာလည်း စစ်အာဏာရှင်တွေ ဖြန့်ဖြူးချင်တဲ့ ဝါဒမှိုင်းတွေကို ကျောင်းသင်ခန်းစာအဖြစ် ထည့်သွင်းပြီး စစ်ကျွန်ပညာရေးကို အသက်သွင်းခဲ့ကြတာပါ။

ဒီသင်ကြားနည်းပုံစံဟာ အခြေခံပညာအဆင့်မှာကတည်းက ကျောင်းသားတွေအနေနဲ့ ပြန်မေးခွန်း မထုတ်ရဲအောင်၊ မဝေဖန်ရဲအောင်၊ လွတ်လပ်စွာ တွေးခေါ်မှု မရှိအောင် ပြုလုပ်ထားပြီး ဒီ စစ်ကျွန်ပညာရေးကို ဖိအားအမျိုးမျိုးကြောင့် သွားရောက် တက်ရောက်ရရင်လည်း မဖြေဆိုဘဲ သပိတ်မှောက်ကြဖို့ အခြေခံပညာကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်) က တိုက်တွန်းပါတယ်။

အထွေထွေအတွင်းရေးမှူး ကိုသူရမောင်က “ကျနော်တို့ သတ်မှတ်ထားတဲ့ ဒီ non cdm students တွေမှာ နှစ်မျိုးရှိပါတယ်။ ကိုယ်တိုင်က စိတ်ပါပြီးတက်တာနဲ့ မတက်ချင်ဘဲ မိဘက အတင်း ဖိအားပေးပြီး တက်ရတဲ့လူပေါ့ဗျာ။ တနည်းအားဖြင့် ကိုယ့်ဘက်က လူတွေပေါ့ဗျာ။ အဲ့လို အဖိနှိပ်ခံ ကျောင်းသားတွေကို စာမေးပွဲဖြေတယ်ဆိုပြီး ရန်သူသဖွယ် သတ်မှတ်ပြီး အတင်းလိုက်မဆဲကြဖို့ ပြောလိုပါတယ်။ မိဘက အတင်းဖိအားပေးလို့ ဖြေရပါတယ်ဆိုတဲ့ ကျောင်းသား ကျောင်းသူတွေကိုလည်း ဘဲဥမကွဲ စစ်ကျွန်စာမေးပွဲဆိုတဲ့ campaign ကို ပါဝင်ပူးပေါင်းပြီး အကြမ်းဖက်စစ်တပ်ရဲ့ စစ်ကျွန်စာမေးပွဲမှာ အဖြေလွှာတင် ဘာမှမရေးခြင်း၊ ကျအောင်ဖြေခြင်း စတဲ့နည်းလမ်းတွေနဲ့ ဒီစစ်ကျွန်တွေ မွေးထုတ်ပေးတဲ့ စာမေးပွဲကို သပိတ်မှောက်ကြဖို့ တိုက်တွန်းချင်ပါတယ်။”

ကိုဗစ်ရောဂါ ဖြစ်ပွါးနေမှုများကြောင့် ၂၀၂၀-၂၀၂၁ ခုနှစ် ပညာသင်နှစ်ရဲ့ တက္ကသိုလ်ဝင်စာမေးပွဲကို ကျင်းပနိုင်ခဲ့ခြင်း မရှိပါဘူး။ နောက်ဆုံးကျင်းပခဲ့တဲ့ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရက ကျင်းပခဲ့တဲ့ စာမေးပွဲမှာတော့ ဝင်ရောက်ဖြေဆိုသူ ကျောင်းသားဦးရေဟာ ၉၁၀,၀၀၀ ကျော် ရှိခဲ့ပါတယ်။ အခုနှစ်စာမေးပွဲမှာတော့ ကျောင်းသားအများစုက စစ်ကျွန်ပညာရေး အမြစ်ဖြတ်ဆိုတဲ့ CDM ကမ်ပိန်းမှာ ပါဝင်လာကြပြီး ယခင်နှစ်တွေရဲ့ သုံးပုံတပုံသာ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုခဲ့ပါတယ်။
၂၀၂၂ - ၂ဝ၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို လာရောက်ဖြေဆိုသူမှာ တနိုင်ငံလုံး ကျောင်းသားဦးရေရဲ့ သုံးပုံတပုံလောက် ရှိတယ်လို့ စစ်ကောင်စီပြန်ကြားရေးက ဒီနေ့ ကြေညာခဲ့ပါတယ်။

နိုင်ငံတဝန်း ဖြေဆိုသူ ကျောင်းသား ၃၁၂,၂၉၉ ယောက်ရှိပြီး အဒီထဲက အများစုဟာ ရခိုင်ပြည်နယ်က ဖြစ်တယ်လို့ ဆိုပါတယ်။ စာမေးပွဲကာလဟာ မတ်လ ၃၁ ရက်ကနေ ဧပြီလ ၉ ရက်အထိဖြစ်ပြီး စာမေးပွဲ လာရောက်ဖြေဆိုသူ တနိုင်ငံလုံးမှာရှိတဲ့ ကျောင်းသားဦးရေရဲ့ သုံးပုံတပုံ ရှိနေတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ခဲ့တာပါ။ ၅ လနဲ့ သင်ရိုးကုန်သင်ကြားပြီး ပညာတတ်ရေးထက် အတန်းတက်ရေးကို ဦးစားပေးထားလို့ ဒါဟာ နိုင်ငံရေး အမြတ်ထုတ်တာဖြစ်ကြောင်း ဝေဖန်ခံနေရတာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up