ထိုင်းတွင် အမျိုးသမီး ၃ ဦးက အမျိုးသား ၁ ဦးအား တောင်းရမ်းလက်ထပ်

ထိုင်းနိုင်ငံအလယ်ပိုင်း နွန်ထပူရီခရိုင် ဘန်းယိုင်မြို့မှာ ပြီးခဲ့တဲ့ရက်ပိုင်းက သတို့သား ၁ ဦးနဲ့ သတို့သမီး ၃ ဦးတို့ရဲ့ မင်္ဂလာလက်ထပ်ပွဲ ကျင်းပခဲ့ပါတယ်။
အဆိုပါလက်ထပ်ပွဲမှာ အမျိုးသမီး ၃ ဦးက သူတို့စုဆောင်းထားတဲ့ ရွှေ ငွေတွေနဲ့ သတို့သားကို ဝိုင်းပြီး တင်တောင်းခဲ့တာပါ။
ကံထူးသူ သတို့သားကတော့ အသက် ၃၅ နှစ်ရွယ်ရှိ နိုင်းဆူဖရိုတ် ချန်းချိတ်ဆတ် ခေါ် မော်ဆေ (ဆရာကျား) ဆိုသူပဲဖြစ်ပါတယ်။
သူဟာ မိရိုးဖလာ ပုဏ္ဏား Brahmanism ကို ကိုးကွယ်ယုံကြည်ပြီး တိုင်းရင်းဆေးဆရာ၊ ပုရောဟိတ်ဆရာတဦးလည်း ဖြစ်ပါတယ်။
သူတို့မင်္ဂလာဆောင်ပွဲမှာ အမျိုးသမီးက အမျိုးသားကို တင်တောင်းတာဟာ ပုဏ္ဏားတို့ ဓလေ့ထုံးစံအရ လုပ်ဆောင်တာလို့ ဆိုပါတယ်။
အဆိုပါအမျိုးသမီး ၃ ဦး နဲ့ သူဟာ လက်မထပ်ခင် အတူနေလာကြတာ ကလေး ၉ ဦးရှိပြီဖြစ်ပြီး ဘဝမှာ တခါလောက် မင်္ဂလာဆောင်ပွဲလေး လုပ်ချင်တယ်လို့ ဇနီးတွေက ပူဆာတာနဲ့ သူတို့မှာရှိတဲ့ ငွေတွေ စုဆောင်းပြီး သားသမီးတွေနဲ့အတူ စည်ကားတဲ့ မင်္ဂလာဆောင်ပွဲကို ပြီးခဲ့တဲ့ မတ် ၂၉ ရက်နေ့က သူတို့နေအိမ်မှာပဲ ကျင်းပခဲ့တာဖြစ်ပါတယ်။
ပထမဆုံးဇနီးသည်မှာ နုတ်ကျရင်း (၃၀ နှစ်) ဖြစ်ပြီး ၁၆ နှစ်တာ ပေါင်းသင်းလာကာ သား ၁ ယောက်၊ သမီး ၃ ယောက် ရှိပါတယ်။
ဒုတိယဇနီးမှာ ဖစ်ချယား (၃၅ နှစ်) ဖြစ်ပြီး ၉ နှစ်တာ ပေါင်းသင်းလာကာ သား ၃ ယောက်၊ သမီး ၁ ယောက် ရှိပါတယ်။
တတိယဇနီးမှာ ကဝင်ထိဒါး (၃၁ နှစ်) ဖြစ်ပြီး ၇ နှစ် ပေါင်းသင်းကာ သမီး ၁ ယောက် ရှိပါတယ်။
သူတို့ဟာ တအိမ်တည်း နေထိုင်ကြပြီး အိမ်ထောင့်တာဝန်၊ စီးပွားရေးနဲ့ သားသမီးပြုစုတာတွေကို ဝိုင်းဝန်းကူညီကြကြောင်း၊ သူတို့ရဲ့ဆေးခန်းမှာ လစဉ် လူနာ ၄၀၀ - ၅၀၀ ကြား လာရောက်ကုသတာကြောင့် ပထမဇနီးက လူနာမှတ်တမ်း စီစဉ်တာ၊ ဒုတိယဇနီးက လူနာ စစ်ဆေးတာ၊ တတိယဇနီးက ကိုယ်ရေးမန်နေဂျာနဲ့ ကလေး ၉ ယောက်ကို ပြုစုတာ စသဖြင့် တာဝန်ခွဲယူကြတယ်လို့ ဆိုပါတယ်။
မင်္ဂလာပွဲကို မိဘဆွေမျိုးတွေပါ ပျော်ရွှင်စွာလာရောက်ဆင်နွှဲပြီး မော်ဆေကလည်း ဇနီး ၃ ယောက်လုံးကို မင်္ဂလာလက်စွပ် ၁ ကွင်းစီ ပြန်ဝတ်ပေးကာ ပထမဇနီးအား တသက်လုံးကျွန်ခံမယ်၊ ဒုတိယဇနီးအား ရိုးမြေကျပေါင်းသင်းမယ်၊ တတိယဇနီးအား တသက်လုံးအတူတူ ချမ်းသာကြွယ်ဝသွားကြမယ်ဆိုတဲ့ မတူညီတဲ့ကတိတွေပေးခဲ့တယ်လို့ ဆိုပါတယ်။