close

စစ်တွေမြို့က အသစ်ဆောက်နေသည့် မိဇံစျေး၌ ဆိုင်ခန်းနေရာပြန်ပေးရန် မူလဈေးသည်များ တောင်းဆို

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ အသစ်ဆောက်လုပ်နေတဲ့ မိဇံစျေးအတွင်း မူလစျေးသည်တွေကို ဆိုင်ခန်းနေရာ ပြန်ပေးဖို့ စျေးသူစျေးသားတွေနဲ့ ဒေသခံတွေက တောင်းဆိုလိုက်ပါတယ်။

"အခုလက်ရှိမှာတော့ ငွေသွင်းနိုင်တဲ့သူတွေ ရဲစခန်းရှေ့က ဖြိုဖျက်ခံရတဲ့သူတွေကို ဆိုင်ခန်းတွေပေးမယ်လို့ သိရတယ်။ ဒီစျေးကတော့ ယခင်နှစ်ပေါင်းများစွာကတည်းက မိဇံစျေးဆိုတာရှိခဲ့တယ်။ ဒီစျေးက စျေးသည်တွေကို ဘာတခုမှ ခေါ်ယူဆွေးနွေးတာလည်း မရှိခဲ့တာကတော့ သဘာဝမကျပါဘူး။ လက်ရှိရောင်းနေတဲ့ စျေးသည်တွေကို ဆိုင်ခန်းတွေ ပေးသင့်တယ်။ ဘယ်လိုပုံစံမျိုးငွေပေးသွင့်ရမယ်၊ ဘယ်လိုပုံစံမျိုးတွေလိုချင်လဲ၊ ဆိုင်ခန်းကြီးတွေ မဟုတ်တဲ့တိုင် စျေးဆိုင်ခန်းငယ်လေးတွေဖြစ်ဖြစ်ပေးသင့်တယ်” လို့ စစ်တွေမြို့ မိဇံရပ်ကွက်နေ အမျိုးသမီးတဦးက ပြောပါတယ်။

မိဇံအဆင့်မြင့် စျေးသစ်အား စစ်တွေမြို့ မိဇံရပ်ကွက် ကမ်းနားလမ်းအနီး မြို့လယ် ဘီလူးမချောင်း ဘေးရှိ​ ၄၅ ပေ × ၃၃ဝ ပေ ကျယ်ဝန်းသော မြေနေရာလွတ်မှာ ဆောက်လုပ်နေတာဖြစ်ပြီး အဲဒီနေရာဟာ လွန်ခဲ့တဲ့ နှစ် ပေါင်း ၄၀ လောက်က လူနေအိမ်တွေ မီးလောင်ပျက်စီးထားတာလို့ သိရပါတယ်။

၂ဝ၁၉ ခုနှစ်အတွင်း ဖယ်ရှားခံခဲ့ရတဲ့ စစ်တွေမြို့ အမှတ်(၁) ရဲစခန်းဘေးပတ်ပတ်လည်က စျေးဆိုင်ခန်းပေါင်း ၈၀ ကျော်အတွက် ဦးစားပေးနေရာချပေးဖို့ ဈေးသစ် ဆောက်လုပ်ရတာလို့ တာဝန်ရှိသူတွေက ပြောဆိုထားတာပါ။

မူလ မိဇံစျေးသည်တဦးက "နေရာလေး တခုတော့ပေးသင့်တာပေါ့။ ငွေကြေးမတတ်နိုင်ရင်လည်း အဖြတ်လိုက်ပေးချေစနစ်နဲ့ဖြစ်ဖြစ် ဆောင်ရွက်ပေးသင့်တယ်။ ကျမတို့က ဒီမူလစျေးမှာ ရောင်းချလာတာ နှစ်ပေါင်း ၂၀ ကျော်နေပါပြီ။ ကျမတို့အတွက် တခုခု လုပ်ဆောင်ပေးသင့်တယ်” လို့ ပြောပါတယ်။

မူလ မိဇံစျေးမှာ ဈေးဆိုင်ခန်း ၃၀ လောက်ရှိပြီး အဆင့်မြင့်စျေးဆောက်လုပ်ရာမှာလည်း မူလမိ ဇံစျေးသူစျေးသားတွေကို တစုံတရာပြောဆိုခဲ့ခြင်းမရှိသလို စျေးသစ်မှာ ဆိုင်ခန်းနေရာ မရတာကြောင့် အခုလိုတောင်းဆိုနေကြတာလည်းဖြစ်ပါတယ်။

အထပ်မြင့်စျေးသစ်မှာ ဆိုင်ခန်းပေါင်း ဘယ်လောက်ပါဝင်မယ်ဆိုတာ  အာဏာသိမ်းစစ်ကောင်စီနဲ့ ဆောက်လုပ်မယ့် ကုမ္ပဏီတို့ ညှိနှိုင်းနေဆဲပဲလို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up