close

စစ်တပ်ပစ်သတ်မှုကြောင့် ကျဆုံးပြည်သူ ၁,၇၃၀ နီးပါးနှင့် သေဒဏ်ချမှတ်ခံရသူအယောက် ၁၀၀ ရှိလာ

မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်း ၁ နှစ်ကျော်ကာလ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ ကျဆုံးပြည်သူ ၁,၇၂၈ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၃,၀၈၄ ယောက်ထိ ရှိခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ ဧပြီ ၄ ရက်အထိ အေအေပီပီက ကောက်ယူ မှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြ ထားပါတယ်။

နွေဦးတော်လှန်ရေး ကာလအတွင်း ဒီနေ့အထိ ၁၀,၀၄၄ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၉၂၃ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

ပြစ်ဒဏ်ကျခံရသူတွေထဲက အသက် ၁၈ နှစ်အောက် ကလေး ၂ ယောက် အပါအဝင် ၅၉ ယောက်ကတော့ သေဒဏ်ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။

ဖမ်းဝရမ်းထုတ်ခံထားရတာကြောင့် တိမ်းရှောင်နေသူ ၁,၉၇၆ ယောက်ထဲက မျက်ကွယ် သေဒဏ်ချမှတ်ခြင်းခံထားရသူ ၄၁ ယောက် အပါအဝင် အယောက် ၁၂၀ ကတော့ မျက်ကွယ် ပြစ်ဒဏ်ချခံထားရပြီး သေဒဏ် ချမှတ်ခံထားရသူ စုစုပေါင်းအယောက် ၁၀၀ ရှိပြီဖြစ်ပါတယ်။

ဧပြီ ၂ ရက်က မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသက ကျေးရွာတွေကို အကြမ်းဖက်စစ်အုပ်စုတပ်တွေ ဝင်ရောက်စီးနင်းခဲ့ပြီး အကြောင်းမဲ့ ပစ်ခတ်ခဲ့တာကြောင့် အရပ်သား ၃ ယောက် ကျဆုံးသွားခဲ့ကြောင်း သိရပါတယ်။ အဆိုပါအရပ်သား ၃ ယောက်ထဲက ၂ ယောက်ဖြစ်တဲ့ ခြံယာကျေးရွာမှ အသက် ၆၃ နှစ်အရွယ် ဒေါ်မြမွှေးနဲ့ မီးလောင်ကျွန်းကျေးရွာမှ မသန်စွမ်းတယောက်ဖြစ်တဲ့ အသက် ၆၀ အရွယ် ဦးမြင့်တို့ဟာ ဧပြီ ၂ ရက်နေ့မှာ ပစ်ခတ် သတ်ဖြတ်ခံခဲ့ရပြီး ကျန်တယောက်ဖြစ်တဲ့ ကျောက်ဖူးကျေးရွာမှ အသက် ၄၀ အရွယ် ဒေါ်စီမှာ ၃ ရက်နေ့မှာ ပစ်ခတ် သတ်ဖြတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်၊ တောင်ပျောက်တိုက်နယ်အတွင်းကို စစ်ကြောင်းထိုးဝင်ရောက်နေတဲ့ အကြမ်းဖက်စစ်အုပ်စုတပ်က မယ်ကဲကျေးရွာအနီး ကင်းစောင့်နေတဲ့ ကျောက်အိုင်ကျေး ရွာမှ ကိုအောင်သန်းဌေးကို ဧပြီ ၂ ရက်က ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် လွန်ခဲ့တဲ့ သုံးရက်က ဖမ်းဆီးခံခဲ့ရတဲ့ ကျောက်အိုင်ကျေးရွာမှ ဦးလင်းမောင်ကိုလည်း ထွက်ပြေးဖို့ကြိုးစားတယ်ဆိုကာ ပစ်သတ်ခဲ့ကြောင်း သိရပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန်ရေး ကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေးလ်နဲ့ အဖမ်းအဆီး အချက်အလက်တွေကို [email protected] အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up