ရေစကြိုမြို့နယ်၌ စစ်ကောင်စီတပ်သားများ မိုင်းဆွဲခံရ၊ ထီးလင်းမြို့နယ်တွင် တိုက်ပွဲဖြစ်၊ ဂန့်ဂေါတွင် ရွာမီးရှို့

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ ဧပြီ ၄ ရက်မနက်ပိုင်းက စစ်ကောင်စီတပ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၄ ယောက်သေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့တယ်လို့ ရေစကြို PDF ကနေ သိရပါတယ်။
ရေစကြိုမြို့နယ် ပခန်းကြီးအထွက်မှာ ဒီမနက် ၁၁ နာရီလောက်က စစ်တပ်၊၊ရဲတွေနဲ့ ပျူစောထီးတွေကို ရေစကြိုPDF က မိုင်း ၂ ကြိမ်ဆွဲပြီးတိုက်ခိုက်တာလို့ ရေစကြို PDF ခေါင်းဆောင်ရဲဘော်ဝေကြီးက ပြောပါတယ်။
ဒေသခံတဦးက “ပခန်းကြီးမြို့ဟောင်းအထွက်မှာ ဒီကနေ့မနက်ပိုင်းက ပေါက်ကွဲသံတွေ ပစ်ခတ်သံတွေ အကျယ်ကြီးကြားရတယ်ဗျ။ ကျနော်တို့လည်း ကြောက်တာနဲ့ သွားမကြည့်ရဲဘူး။ အိမ်ထဲပဲ လုံခြုံတဲ့နေရာရှာပြီး မိသားစုတွေ ပုန်းနေကြရတယ်”လို့ ပြောပါတယ်။
အဲဒီပေါက်ကွဲပစ်ခတ်တာတွေဖြစ်ပြီးတဲ့နောက်မှာတော့ စစ်ကားနဲ့ ရဲကားတွေ အင်အားအလုံးအရင်း နဲ့ဖြတ်သွားတာတွေ့ရသလို လမ်းသွားလမ်းလာ ပြည်သူတွေရဲ့ ကားတွေ ဆိုင်ကယ်တွေကို အသေးစိတ်စစ်ဆေးနေတယ်လို့လည်း သိရပါတယ်။
ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသ ဘီးစပ်ကုန်းရွာကိုလည်း ဒီကနေ့မနက်ပိုင်းမှာ စစ်ကောင်စီတပ်တွေ ဝင်ရောက်မွှေနှောက်ကာ မီးရှို့ဖျက်ဆီခဲ့ကြပြီး ဧပြီလ ၂ ရက်နေ့ကနေ ယနေ့အထိ ကျေးရွာ ၈ ရွာလောက်ကို စစ်ကောင်စီတပ်တွေ မီးရှို့လို့ နေအိမ် ၁၀၀ ပျော်လောက်မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ရေလယ်ကျွန်းဒေသခံတစ်ယောက်ကပြောပါတယ်။
ရေစကြိုမြို့နယ် ရှင်မတောင်အတက်လမ်းမှာလည်း မနေ့ မနက် ၁၀ နာရီလောက်က စစ်ကောင်စီတပ်သားတွေစီးလာတဲ့ ကားတစ်စီးနဲ့ ဆိုင်ကယ် ၃ စီးကို ရေစကြိုPDF က မိုင်း ၂လုံးဆွဲ ပြီးတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၃ ယောက်နေရာတင်သေဆုံးပြီး တချို့ ဒဏ်ရာရတယ်လို့ ဆိုပါတယ်။
မကွေးတိုင်း ဂန့်ဂေါမြို့နယ်မှာတော့ ဧပြီ ၄ ရက် ဒီမနက်မှာ ထယ်လှော်ကျေးရွာက လူနေအိမ်တချို့ကို စစ်ကောင်စီတပ်သားတွေက မီးရှို့ဖျက်ဆီးနေကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဂန့်ဂေါနယ် ထယ်လှော်ကျေးရွာမှာ အိမ်ခြေ ၂၀၀ ကျော်ရှိပြီး လူဦးရေ ၃၀၀ ကျော်နေထိုင်တယ်လို့ လည်း သိရပါတယ်။
ထယ်လှော်ကျေးရွာဟာဆိုရင်ဖြင့် ယခုအကြိမ်နဲ့ဆို စစ်ကောင်စီတပ်သားများ မီးရှို့တာ ၃ ကြိမ်ရှိပြီလို့လည်း ဒေသခံတွေကပြောပါတယ်။
အဲ့ဒီစစ်ကောင်စီတပ်သားများဟာ မောက်လင်းရွာနဲ့ ကျွန်းဒတ်ကျေးရွာဘက်သို့ ဦးတည် စစ်ကြောင်းထိုးနေကြပြီး အနီးအနားရှိ ကျေးရွာများကိုတောက်လျှောက်စစ်ကြောင်း ထိုးနေတာ လည်း ဖြစ်ပါတယ်။
စစ်ကောင်စီတပ်သားများဟာ ဂန့်ဂေါနယ်တွင်းသို့ စစ်ကြောင်းထိုးနေကာ ဒေသခံတွေကို ဖမ်းဆီးနှိပ်စက်သတ်ဖြတ်နေပြီး မွေးမြူထားတဲ့တိရစ္ဆန်များကို သတ်ဖြတ်စားသောက်နေကြကာ နေအိမ်တွေကိုလည်းမီးရှို့ဖျက်ဆီးနေကြတာကြောင့် ဒေသခံတွေအနေနဲ့ တောတောင်တွေနဲ့ ဒေသများကို ထွက်ပြေးတိမ်းရှောင်နေကြရတာလည်းဖြစ်ပါတယ်။
မကွေးတိုင်း၊ ထီးလင်းမြို့နယ်မှာလည်း ဧပြီလ ၃ ရက်က အိုင်းမကျေးရွာအနီးမှာ စစ်ကြောင်းထိုးနေတဲ့စစ်ကောင်စီတပ်သားတွေနဲ့ ယောဒေသကာကွယ်ရေးတပ်ဖွဲ့တွေအကြား လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြပါတယ်။
တိုက်ပွဲမှာ နှစ်ဖက်တပ်ဖွဲ့ဝင်တွေ ထိခိုက်ဒဏ်ရာရ ကျဆုံးတာမရှိခဲ့ပေမဲ့ အိုင်းမကျေးရွာအတွင်းက လူနေအိမ် ၄ လုံးပျက်စီးဆုံးရှုံးသွားတယ်လို့ YDF တပ်ဖွဲ့က ပြောပါတယ်။ တိုက်ပွဲအပြီးမှာ စစ်ကောင်စီတပ်သားတွေဟာ အိုင်းမကျေးရွာအတွင်းသို့ ပြန်လည်ဝင်ရောက်ခဲ့ပြီး ဒေသခံရွာသားတယောက်ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်
လက်ရှိ စစ်ကောင်စီတပ်သားတွေဟာ ထီးလင်းနယ်အတွင်းရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်နေတာကြောင့် အချိန်မရွေးတိုက်ပွဲဖြစ်ပွားနိုင်လို့ ဒေသခံပြည်သူတွေအနေနဲ့ ထီးလင်း-ဂန့်ဂေါလမ်းကို အသုံးမပြုကြဖို့ ယောဒေသကာကွယ်ရေးတပ်က ထုတ်ပြန်ထားပါတယ်။
နှစ်ဖက်တိုက်ပွဲတွေနဲ့ ပတ်သက်လို့တော့ ထိခိုက်သေဆုံးတဲ့ အခြေနေကိုတော့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာမတွေ့ရသေးပါဘူး။