close

ထိုင်း-မြန်မာနယ်စပ် မယ်ဆိုင်တွင် ကလေးငယ် ၁၁ ဦး အပါအဝင် မြန်မာ ၇၁ ဦး ဖမ်းဆီးခံရ

ထိုင်း-မြန်မာနယ်စပ် ချင်းရိုင်းခရိုင်၊ မယ်ဆိုင်မြို့ထဲမှာ ကလေးငယ် ၁၁ ယောက်အပါအဝင် တရား မဝင် ဝင်ရောက်လာတဲ့ မြန်မာ ၇၁ ယောက်ကို ထိုင်းလူမျိုး ကားမောင်းသမားနဲ့အတူ ဖမ်းဆီး ရမိတယ်လို့ မယ်ဆိုင်ဒေသသတင်းမှာ ဖော်ပြပါတယ်။

စစ်တပ် ၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့နဲ့ မယ်ဆိုင်အုပ်ချုပ်ရေးမှူးရုံးက တာဝန်ရှိသူတွေပါတဲ့ ပူးပေါင်းအဖွဲ့ဟာ ဒီကနေ့မနက်က ကြိုတင်သတင်းပေးချက်အရ မယ်ဆိုင်မြို့နယ် ဆီမိုင်းချုမ်းအုပ်စု ဘန့်ဆန်ခုန့်ရွာက နေအိမ်တအိမ်ကို သွားရောက်စစ်ဆေးခဲ့ရာမှာ အမျိုးသား တယောက်က အရင်ဆုံးလယ်ကွင်းထဲကို ထွက်ပြေးသွားလို့ လိုက်လံဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။ 

အဆိုပါအမျိုးသားမှာ အသက် ၂၉ နှစ်ရွယ်ရှိ ဆာလာဝုဒ်ဆိုသူဖြစ်ပြီး နယ်စပ်ကနေ တရားမဝင် ဝင်လာသူတွေကို ကားနဲ့ သွားကြိုလာသူလို့ ဆိုပါတယ်။

အိမ်ထဲမှာတော့ တရားမဝင် မြန်မာနိုင်ငံသား အမျိုးသား ၂၄ ဦး ၊ အမျိုးသမီး ၃၆ ဦး နဲ့ ကလေးငယ် ၁၁ ဦး စုစုပေါင်း ၇၁ ဦးကို ဖမ်းဆီးရမိပြီး သူတို့အားလုံးဟာ မွန်းကျပ်နွမ်းနယ်နေကြတယ်လို့ တာဝန်ရှိသူက ပြောပါတယ်။

စစ်ဆေးမေးမြန်းချက်အရ သူတို့အားလုံး ဘန်ကောက်ကို အလုပ်သွားလုပ်ဖို့ဖြစ်ကြောင်း၊ ကားသမားကတော့ သူ့တာဝန်ဟာ သူတို့ကို နယ်စပ် ပီယဖွန်းရွာကနေ အဲဒီအိမ်ထိပို့ပေးဖို့သာ ဖြစ်ကြောင်း၊ ကားခအနေနဲ့ ၁ ဦးလျှင် ဘတ် ၂၀၀၀ မှ ၃၀၀၀ ထိရပြီး  တခြားကား ၁ စီးက သူတို့ကို ပီယဖွန်းရွာမှာ လာချထားတာလို့ ဆိုပါတယ်။ 

အဆိုပါအိမ်ကို ငှါးရမ်းထားသူမှာ အသက် ၃၀ နှစ်ရွယ်  ရှမ်းအမျိုးသား ၁ ဦးဖြစ်ပြီး အဖမ်း ခံရသူတွေရဲ့ တယ်လီဖုံးထဲမှာ သူ့ဆီကို အကြိမ်ကြိမ်ဆက်သွယ်ထားတာသိရလို့  နောက်ထပ်ကွင်းဆက်တွေသိရဖို့အတွက် အနီးနားတဝိုက်က စီစီတီဗွီကင်မရာတွေကိုလည်း စစ်ဆေးနေတယ်လို့  ထိုင်းတာဝန်ရှိသူက သတင်းဌာနကို ပြောပါတယ်။ 

Ref- MaesaiPress

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up