close

ထိုင်း-မြန်မာနယ်စပ်တွင် စိတ်ကြွဆေးပြား ၈ သိန်းကျော်ဖမ်းမိ

ထိုင်း-မြန်မာနယ်စပ် ချင်းမိုင်ခရိုင်နဲ့ တာ့ခ်ခရိုင်ထဲမှာ စိတ်ကြွဆေးပြား ၈ သိန်းကျော် ဖမ်းဆီးရမိကြောင်း ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ 

ဧပြီ ၄ ရက် မနက်စောစောက  ချင်းမိုင်ခရိုင်၊ ဝိန်းဟိုင်မြို့နယ်၊ ပျိန်းလုံအုပ်စု ဘန့်မိုင်မိုင်းကျွတ်ကျေးရွာအနီး တောလမ်းတလျှောက်မှာ ထိုင်းစစ်တပ်တာဝန်ရှိသူက နယ်စပ်လုံခြုံရေး စောင့်ကြပ်စဉ် အထုပ်အပိုးကိုယ်စီ သယ်ဆောင်လာတဲ့ လူတစုကို တွေ့ရလို့ စစ်ဆေးဖို့ ရပ်တန့်ခိုင်းရာမှာ အထုပ်တွေပစ်ချပြီး ထွက်ပြေးသွားတယ်လို့  တာဝန်ရှိသူတွေက ပြောပါတယ်။ 

စစ်တပ်က အဆိုပါနေရာတဝိုက်ကို ဝိုင်းထားလိုက်ပြီး နယ်မြေရှင်းလင်းရေးလုပ်ရာမှာ မြွေရေခွံအိတ် ၄ လုံးကို တွေ့ရကြောင်း၊ အိတ် ၁ လုံးစီရဲ့ အထဲမှာ စိတ်ကြွဆေး ၂ သိန်းစီ တွေ့ရှိတဲ့အတွက် ဆေးပြားစုစုပေါင်း ၈ သိန်းကို တယ်လီဖုန်း ၁ လုံးနဲ့အတူ ဖမ်းဆီးရမိတယ်လို့ ဆိုပါတယ်။ 

အဆိုပါနေရာမှာ မြန်မာနယ်စပ်နဲ့ ၂ ကီလိုမှ ၃ ကီလိုမီတာခန့်သာ ကွာဝေးပြီး တရားခံတွေ ဖမ်းဆီးရမိဖို့ ဆက်လက်စုံစမ်းစစ်ဆေးလျက်ရှိတယ်လို့ Maesaipress သတင်းမှာ ဖော်ပြပါတယ်။ 

အလားတူ မြန်မာနယ်စပ်၊ တာ့ခ်ခရိုင် မဲဆောက်မြို့ထဲမှာလည်း ဧပြီ ၅ ရက် ဒီနေ့မနက်က  မြန်မာနိုင်ငံသား ၃ ဦးထံမှ စိတ်ကြွဆေး ၁၀,၀၀၀ ကျော်ကို မြန်မာငွေ ကျပ် ၂၀၀,၀၀၀ နဲ့အတူ ဖမ်းဆီးရမိတယ်လို့ AEC အာ ဆီယံထိုင်းသတင်းမှာ ဖော်ပြပါတယ်။ 

အဆိုပါ ၃ ဦးမှာ မစန်းအေး (၄၅ နှစ်)၊ ဦးအားဝဲ့ (၅၃ နှစ်) နဲ့ မရာ (၂၃ နှစ်) တို့ဖြစ်ပြီး မဲဆောက်မြို့တွင်းတနေရာမှာ နံပါတ်ပြားမပါတဲ့ မော်တော်ဆိုင်ကယ် ၁ စီးနဲ့အတူ ဖမ်းဆီးရမိတာလို့ ဆိုပါတယ်။ 

ဆိုင်ကယ်ထဲမှာ စိတ်ကြွဆေးပြားစုစုပေါင်း ၁၀၀၀၁ လုံးထည့်ထားတဲ့ အထုပ်တွေပါ အစည်း ၅ စည်း တွေ့ရကြောင်း၊ သူတို့ဆီမှာ နေထိုင်ခွင့်လက်မှတ်တွေလည်း မရှိကြတဲ့အတွက် မူးယစ်ဆေးပြား လက်ဝယ်တွေ့ရှိမှုအပြင် နိုင်ငံထဲ တရားမဝင် ဝင်ရောက်နေထိုင်မှုတွေနဲ့ပါ အရေးယူခံရမယ်လို့ တာဝန်ရှိသူက ပြောပါတယ်။  

Ref-Maesai Press/AECNews

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up