ချန်ပီယံလိဂ်တွင် ပရိသတ်အားပေးမှု ပိုမိုလိုအပ်ဟု ချဲလ်ဆီးနည်းပြ တူချယ်ပြော

ရီးရဲလ်မက်ဒရစ်နဲ့ ကစားသွားရမယ့် ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ပွဲစဉ်မှာ ပရိသတ်တွေရဲ့ အားပေးမှု ပိုမိုလိုအပ်တယ်လို့ ချဲလ်ဆီးနည်းပြ တူချယ်က ပြောပါတယ်။
ချဲလ်ဆီးအသင်းဟာ ချန်ပီယံလိဂ်ရဲ့ အအောင်မြင်ဆုံးအသင်း ရီးရဲလ်မက်ဒရစ်နဲ့ စတမ်းဖို့ဒ်ဘရစ်ချ်မှာ ပထမအကျော့ပွဲစဉ် အနေနဲ့ မနက်ဖြန်မနက်အစောပိုင်း လက်ခံ ယှဉ်ပြိုင်သွားရမှာပါ။
အဲဒီအိမ်ကွင်းပွဲစဉ်မှာ ပရိသတ်တွေရဲ့ အားပေးသံတွေ ပိုမိုလိုအပ်ပြီး ဘရန့်ဖို့ဒ်ကို ရှုံးနိမ့်တဲ့ပွဲစဉ်မှာ ပရိသတ်တွေရဲ့အားပေးသံက တိတ်ဆိတ်နေခဲ့တယ်လို့ နည်းပြတူချယ်က ပြောပါတယ်။
“ကျနော်တို့ဟာ ပရိသတ်တွေရဲ့အားပေးသံ ပိုပြီးကြားရဖို့ လိုအပ်ပါတယ်။ ပြီးတော့ ကွင်းထဲမှာ ပိုကောင်းတဲ့ ကစားပုံရဖို့လည်း လိုပါတယ်။ ဒီပွဲက ထိပ်တန်းအသင်းကြီးတသင်းနဲ့ ကစားရမယ့် ကွာတားဖိုင်နယ်ပွဲစဉ် ဖြစ်သလို ပွဲကြီးပွဲကောင်းလည်း ဖြစ်တယ်။ ဒါက ကျနော်တို့အတွက် အခွင့်အရေးကောင်းတခုပါပဲ” လို့ နည်းပြတူချယ်က ပြောပါတယ်။
ချန်ပီယံလိဂ် ပွဲစဉ်တွေတိုင်းမှာ အိမ်ကွင်းပရိသတ်တွေရဲ့ အားပေးပုံတွေက ပြိုင်ဘက်ကို အခက်တွေ့စေတတ်ပြီး မက်ဒရစ်မှာ ကစားရမယ့် ဒုတိယအကျော့မှာဆိုရင် ပိုပြီးခက်ခဲလိမ့်မယ်လို့ နည်းပြတူချယ်က ပြောသွားပါတယ်။