ဖီဖာက ထုတ်ပယ်ခဲ့သည့်အပေါ် အယူခံတင်သွင်းထားမှု ရုရှား ပြန်ရုပ်သိမ်း

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) ရဲ့ ထုတ်ပယ်ခံရမှုအပေါ် အယူခံတင်သွင်းမှုကို ရုရှားဘောလုံး အဖွဲ့ချုပ်ဘက်က ပြန်လည်ရုပ်သိမ်းလိုက်ပါတယ်။
ယူကရိန်းကို ကျူးကျော် စစ်ဆင်နွှဲပြီးနောက်မှာ ရုရှားလက်ရွေးစင်အသင်းကို ဖီဖာက ကမ္ဘာ့ဖလားပြိုင်ပွဲကနေ ထုတ်ပယ်ခဲ့သလို ကလပ်အသင်းတွေနဲ့ တခြားအားကစားအသီးသီးကိုလည်း အရေးယူခဲ့တာပါ။
ကမ္ဘာ့ဖလားခြေစစ်ပွဲ ပလေးအော့ဖ်ဆီမီးဖိုင်နယ်မှာ ရုရှားက ပိုလန်နဲ့ ကစားရမှာဖြစ်ပေမယ့် ဖီဖာက ထုတ်ပယ်ခဲ့တာကြောင့် ပိုလန်အသင်းက အလိုအလျောက် ဗိုလ်လုပွဲတက်ခဲ့ပါတယ်။
ပိုလန်က ဆွီဒင်ကို အနိုင်ရပြီး ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ခဲ့ပြီးဖြစ်သလို အုပ်စုပွဲစဉ်တွေလည်း ထွက်ပေါ်ခဲ့ပြီး ဖြစ်ပါတယ်။
ဒီအခြေအနေမှာ အားကစားဆိုင်ရာခုံရုံးဆီကို ရုရှားဘောလုံးအဖွဲ့ချုပ်က အယူခံတင်သွင်းထားမှု ကို ပြန်လည်ရုပ်သိမ်းသွားခဲ့တာပါ။
ရုရှားအနေနဲ့ တခြားအားကစားပြိုင်ပွဲတွေကနေလည်း ထုတ်ပယ်ခံထားရမှုအပေါ်မှာတော့ ဆက်လက်ပြီး အယူခံတင်သွင်းသွားမယ်လို့ သိရပါတယ်။
ရုရှားအသင်းတွေကို နိုင်ငံတကာအားကစားပြိုင်ပွဲတွေဖြစ်တဲ့ ကျွမ်းဘား၊ ရပ်ဘီ၊ လှေလှော်နဲ့ စကိတ် အားကစားပြိုင်ပွဲတွေကနေလည်း ထုတ်ပယ်ထားပါတယ်။