close

ရေစကြိုမြို့ ကျေးရွာအချို့ကို စစ်ကောင်စီတပ် ဝင်ပစ်၊ ဒေသခံ ၁,၀၀၀ ကျော် တိမ်းရှောင်နေရ

မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသကို ဧပြီ ၂ ရက်နေ့ကစပြီး စစ်ကောင်စီတပ်တွေ ပစ်ခတ်ဝင်ရောက်တဲ့အတွက် ဒေသခံပြည်သူ ၁,၀၀၀ ကျော် ဘေးလွတ်ရာ ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ စစ်ကြောင်း ၃ ကြောင်းနဲ့ လက်နက်ကြီး လက်နက်ငယ်တွေ အသုံးပြု ဝင်ရောက်ပစ်ခတ်တဲ့အတွက် မသန်စွမ်း အမျိုးသားတယောက် အပါအဝင် အပြစ်မဲ့ပြည်သူ ၃ ယောက် လက်နက်ထိမှန် သေဆုံးခဲ့တယ်လို့ ရေလယ်ကျွန်းဒေသခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။

ရေစကြိုမြို့နယ် မီးလောင်ကျွန်း တောင်ဘက်ရွာကို ဧပြီ ၂ ရက်နေ့မှာ စစ်ကောင်စီတပ်တွေ ဝင်ရောက်လာပြီး အသက် ၆၀ ကျော်အရွယ် မသန်စွမ်းတဦးဖြစ်တဲ့ ဦးမြင့်နဲ့ ဒေါ်မြမွှေးတို့ကို ပြေးခိုင်းပြီး နောက်ကနေ သေနတ်နဲ့ ပစ်သတ်သွားကြတာလို့ ဆိုပါတယ်။

ရွာထဲမှာရှိတဲ့ နေအိမ်တွေကို ဝင်ရောက်မွှေနှောက်ပြီး အဖိုးတန်ပစ္စည်းတွေနဲ့ ငွေကြေးတွေကို ခိုးယူကာ နေအိမ် ၁၅ လုံးကိုလည်း မီးရှို့ဖျက်ဆီးသွားကြတယ်လို့ ပြောပါတယ်။

ဖြုံဘူးကျေးရွာကိုလည်း ဧပြီ ၃ ရက်နေ့ မနက်ပိုင်းမှာ စစ်ကောင်စီတပ်တွေ ရွာလုံးကျွတ်နီးပါး မီးရှို့ဖျက်ဆီးကာ ကျောက်ဖူးကျေးရွာကနေ အလည်လာတဲ့ အမျိုးသမီးတယောက်ကို သေနတ်နဲ့ ပစ်သတ်သွားတယ်လို့ ဆိုပါတယ်။

ဒေသခံတဦးက “စစ်ကောင်စီတပ်တွေဟာ ပြည်သူတွေအပေါ် ရည်ရွယ်ချက်ရှိရှိ အကြမ်းဖက်ပြီး စစ်ရာဇဝတ်မှုတွေကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေတာဗျ။ ကျနော်တို့ ပြည်သူလူထုတွေရဲ့ အသက်တွေ အိုးအိမ်တွေ စည်းစိမ်တွေ ဘယ်ထိပေးဆပ်နေရဦးမှာလဲ။ နိုင်ငံတကာ အနေနဲ့လည်း အကြမ်းဖက်စစ်တပ်ရဲ့ ကျူးလွန်မှုတွေကို လက်ပိုက်ကြည့်မနေဘဲ အမြန်ဆုံး အရေးယူပေးစေလိုတယ်" လို့ ပြောပါတယ်။

ချင်းယားကျေးရွာကိုလည်း ဒီကနေ့ ဧပြီ ၆ ရက် မနက် ၇ နာရီကျော်လောက်မှာ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ဝင်ရောက်ပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးသွားတယ်၊ ဧပြီ ၂ ရက်နေ့ကနေ ဒီကနေ့အထိ စစ်ကောင်စီတပ်တွေ မီးရှို့လို့ နေအိမ် ၂၀၀ လောက် မီးရှို့ခံထားရပြီး အပြစ်မဲ့ပြည်သူတချို့ အဖမ်းခံထားရတယ်လို့လည်း ဆိုပါတယ်။

စစ်ကောင်စီတပ်တွေ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးတာကြောင့် ဒေသခံပြည်သူ ၁,၀၀၀ ကျော်လောက်ဟာ ဘေးလွတ်ရာနေရတွေမှာ ပုန်းခိုနေကြရသလို စားနပ်ရိက္ခာနဲ့ ဆေးဝါးအကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up