ယူကရိန်းကို ငြိမ်းချမ်းရေးဆောင်ကြဉ်းရန် ကျူးကျော်ခြင်းဖြစ်ဟု ရုရှားသံအမတ်ပြော

ရုရှားက ယူကရိန်းကို သိမ်းပိုက်ဖို့ ကြိုးစားနေတာ မဟုတ်ဘဲ ယူကရိန်းခွဲထွက်ဒေသ အရှေ့ခြမ်း ဒွန်းဘတ်စ်နယ်မြေမှာ ငြိမ်းချမ်းရေး ဆောင်ကြဉ်းပေးဖို့ ဝင်ရောက်တာလို့ ရုရှားနိုင်ငံဆိုင်ရာ ကုလသမဂ္ဂသံအမတ် ဗာဆီလီ နီဘန်ဇီယာက မတ် ၅ ရက်နေ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးမှာ ပြောပါတယ်။
ဒါ့အပြင် ရုရှားတပ်တွေဟာ ယူကရိန်းအရပ်သားတွေကို ပစ်မှတ်မထားကြောင်းနဲ့ စွပ်စွဲပြောဆိုမှုတွေဟာ အလိမ်အညာတွေသာဖြစ်တယ်လို့ ဆိုပါတယ်။
“ယူကရိန်းကို အထူးစစ်ဆင်ရေး စတင်ကတည်းက အဲဒီမှာရှိတဲ့ ရုရှား ၆ သိန်းကို ကယ်ထုတ်ပေးနိုင်ခဲ့ပါတယ်။ အဲဒီထဲ ကလေး ၁ သိန်း ၂ သောင်းကျော် ပါတယ်။ ရုရှားစစ်တပ်နဲ့ စစ်သားတွေအကြောင်း ပြောဆိုနေတာဟာ မုသားတွေပါ။ ကျနော်တို့ ယူကရိန်းကိုလာတာ မြေတွေ သိမ်းပိုက်ဖို့ မဟုတ်ဘူး၊ သွေးစွန်းနေတဲ့ ဒွန်းဘတ်စ်ဒေသမှာ ရေရှည်ခံမယ့် ငြိမ်းချမ်းရေးအတွက် လာတာ။ အပစ်မရပ်ဖို့ မဟုတ်ဘူး၊ ရေရှည်တည်မြဲမယ့် ငြိမ်းချမ်းရေးအတွက်ပါ။ ယူကရိန်းမှာ မှိုင်းမိနေတဲ့ နာဇီကင်ဆင်ရောဂါကို အမြစ်က ဆွဲနုတ်ဖို့လာတာ၊ အနှေးနဲ့အမြန် ကျနော်တို့ပန်းတိုင် ရောက်မှာပါ။ ကျနော်တို့ အီရတ်နဲ့ ဆီးရီးယားမှာ အမေရိကန်တွေ ပြုခဲ့သလိုမျိုး လုပ်နေတာ မဟုတ်ဘူး” လို့ ပြောသွားပါတယ်။
အမေရိကန်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂသံအမတ် လင်ဒါသောမတ်စ် ဂရင်းဖီးလ်ကတော့ အခုချိန်မှာ ကမ္ဘာ့ခေါင်းဆောင်တွေ အင်အားကြီးနိုင်ငံတွေအနေနဲ့ ရုရှားက ယူကရိန်းကို ဖျက်ဆီးပြီး ကမ္ဘာကြီးအပေါ် အန္တရာယ်ပြုနေမှုတွေကို ကာကွယ်ကြဖို့ တာဝန်ရှိကြောင်းနဲ့ လုံခြုံရေးကောင်စီအဖွဲ့ဝင် အဖြစ်မှ ရုရှားကို ရပ်ဆိုင်းထားဖို့ တောင်းဆိုခဲ့ပါတယ်။
ကုလသမဂ္ဂကတော့ ရုရှားကျူးကျော်တိုက်ခိုက်မှုကြောင့် လက်ရှိ ယူကရိန်းနိုင်ငံသား ၁၁ သန်းကျော် သူတို့အိမ်တွေကို စွန့်ခွာခဲ့ကြောင်းနဲ့ ၄ သန်းကျော် တိုင်းပြည်က ထွက်ခွာခဲ့ကြောင်း ပြောပါတယ်။