ဘူချာမြို့က အရပ်သားများ သတ်ဖြတ်ခံရမှု အသေအချာ စုံစမ်းသင့်ဟု တရုတ်ပြော

ယူကရိန်းနိုင်ငံ ဘူချာမြို့မှာ အရပ်သားတွေ သတ်ဖြတ်ခံရတဲ့ သတင်းနဲ့ ရုပ်ပုံတွေကြောင့် အလွန်စိတ်အနှောင့်အယှက် ဖြစ်ရကြောင်းနဲ့ စွပ်စွဲမှုမှန်သမျှ အချက်အလက်တွေပေါ် အခြေခံ အတည်ပြုသင့်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။
နိုင်ငံခြားရေးဝန်ကြီးဌာန ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောခွင့်ရပုဂ္ဂိုလ် ကျောက်လိကျင်းက “ဘူချာမြို့ရဲ့ အရပ်သားသေဆုံးမှု သတင်းနဲ့ ရုပ်ပုံတွေကြောင့် အများကြီး စိတ်အနှောင့်အယှက် ဖြစ်ရပါတယ်။ ဖြစ်ရပ်မှန်နဲ့ ဇာစ်မြစ်ကို အသေအချာ စုံစမ်းစစ်ဆေးရပါမယ်။ စုံစမ်းစစ်ဆေးတဲ့ ရလဒ်မထွက်ခင် နှစ်ဖက်အုပ်စုတွေအနေနဲ့ ကျိုးကြောင်းမဲ့ စွပ်စွဲမှုတွေ ရှောင်ရှားသင့်ပါတယ်” လို့ ပြောပါတယ်။
ကျောက်ရဲ့ ပြောဆိုမှုက ဧပြီ ၅ ရက်နေ့ လုံခြုံရေးကောင်စီ အစည်းအဝေးမှာ ကုလသမဂ္ဂဆိုင်ရာ တရုတ်သံအမတ် ဂျောင်ကျန်ပြောခဲ့တဲ့ ကြေညာချက်ကို တုံ့ပြန်လိုက်တာပါ။
ဂျောင်ကျန်က လက်ရှိ ယူကရိန်းမှာ အရပ်သားတွေ သေဆုံးမှုအတွက် စိုးရိမ်ကြောင်း ပြောခဲ့ပေမဲ့ အနောက်ရဲ့ ရုရှားအပေါ် စီးပွားရေးပိတ်ဆို့မှုက ယူကရိန်းပဋိပက္ခ ဖြေရှင်းနိုင်မှာ မဟုတ်ကြောင်း၊ အမေရိကန် နေတိုးနဲ့ ဥပရောပသမဂ္ဂတို့က ရုရှားနဲ့ ဆွေးနွေးမှုတွေလုပ်ဖို့သာ တောင်းဆိုသင့်ကြောင်း ပြောခဲ့တာပါ။