ယူကရိန်းဒုက္ခသည် အယောက် ၂၀ ဂျပန်နိုင်ငံ ရောက်ရှိ

ဂျပန်အစိုးရဟာ ယူကရိန်းဒုက္ခသည် အယောက် ၂၀ ကို မြို့တော်တိုကျိုဆီ ဧပြီ ၅ ရက်က လေယာဉ်နဲ့ လာခွင့်ပေးလိုက်ပါတယ်။
ဒါဟာ နိုင်ငံခြားသားတွေကို လက်ခံဖို့ တွန့်ဆုတ်နေတာ ကာလကြာပြီဖြစ်တဲ့ ဂျပန်ရဲ့ ယူကရိန်းကို ကူညီဖို့ ရှားရှားပါးပါး ခြေလှမ်းတရပ်လည်း ဖြစ်ပါတယ်။
အသက် ၆ နှစ်ကနေ ၆၆ နှစ်ကြား ဒုက္ခသည် အယောက် ၂၀ ဟာ တိုကျို နိုင်ငံတကာ လေဆိပ်ဆီကို အစိုးရ အထူးလေယာဉ်နဲ့ ရောက်လာတာပါ။
ပိုလန်နိုင်ငံဆီ ဂျပန်နိုင်ငံခြားရေးဝန်ကြီး သွားရောက်ချိန်က စီစဉ်ခဲ့တဲ့ အစီအစဉ်ရဲ့ အစိတ်အပိုင်းလည်း ဖြစ်ပါတယ်။
ရောက်လာတဲ့ ဒုက္ခသည် ၂၀ ဟာ ဂျပန်ကို ရောက်နှင့်ပြီးသားဖြစ်တဲ့ ယူကရိန်းနိုင်ငံသား ဒုက္ခသည် အယောက် ၄၀၀ နဲ့ ပူးပေါင်းမှာပါ။
သူတို့အများစုဟာ ဂျပန်ကို ရက် ၉၀ ပြည်ဝင်ခွင့်ဗီဇာနဲ့ ရောက်လာပြီး နောက်မှ သက်တမ်းတနှစ်ရှိတဲ့ အလုပ်အကိုင်ဗီဇာကို ပြောင်းလဲလျှောက်ထားရမှာပါ။
ဂျပန်အစိုးရက နောက်ထပ် အထူးလေယာဉ်တွေ စီစဉ်ပေးဦးမှာလား၊ ဒုက္ခသည် ဘယ်လောက် လက်ခံမှာလဲ ဆိုတာကို ဂျပန်အရာရှိတွေက မပြောသေးပါဘူး။
ဒေသခံတွေကတော့ အစိုးရရဲ့လုပ်ရပ်ကို အခိုင်အမာ ထောက်ခံပြီး ယူကရိန်းကလာမယ့် ပိုများတဲ့ ဒုက္ခသည်တွေကို တံခါးဖွင့်ပေးမယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။
တိုင်းရင်းသားတမျိုးတည်းရှိတဲ့ ဂျပန်နိုင်ငံဟာ သက်ကြီးနိုင်ငံသားဦးရေ များနေလို့ လုပ်သားပြတ်လပ်မှုကို ကာလကြာရှည် ခံစားနေရပေမယ့် နိုင်ငံခြားသား ရွှေ့ပြောင်းလုပ်သားတွေအပေါ် သတိထားနေတာ ကြာပါပြီ။
ဒါပေမယ့် ဂျပန်ပြည်သူ အများအပြားက ယူကရိန်းနိုင်ငံသားတွေကို ခိုလှုံခွင့်ပေးရေး ထောက်ခံနေတာကို ထင်မြင်ချက် စစ်တမ်းတွေက ပြသနေပါတယ်။