ယူကရိန်းက စစ်ပွဲနိုင်မည်ဟု ပင်တဂွန်ပြောခွင့်ရ ဂျွန်ကာဘီပြော

ယူကရိန်းပဋိပက္ခ ကြာရှည်နိုင်တယ်လို့ အတော်များများက သုံးသပ်နေကြပေမယ့် အမေရိကန် ပင်တဂွန် စစ်ဌာနချုပ်ကတော့ ယူကရိန်းတို့ စစ်ပွဲကို လုံးဝနိုင်နိုင်တယ်လို့ ပြောဆိုလာပါတယ်။
ပင်တဂွန် ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီက “ယူကရိန်းတို့ နိုင်မလား၊ ရှုံးမလားဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်လို့ အများစုက စစ်ပွဲတာရှည်နိုင်တာကြောင့် မနိုင်နိုင်ဘူးလို့ တွေးကြပါတယ်။ ဒါ လုံးဝမှားပါတယ်၊ သူတို့ နိုင်ကိုနိုင်လိမ့်မယ်။ အခုဖြစ်ခဲ့တဲ့ အခြေအနေတွေကို ကြည့်ပါ။ ယူကရိန်းထဲမှာ ပူတင်ရဲ့ မဟာဗျူဟာ ဦးတည်ချက်တွေဟာ ဇီးရိုးပါ၊ ဘာအောင်မြင်မှုမှ မရရှိပါဘူး၊ ကိယက်ဗ်မြို့တော်ကို သူ မသိမ်းပိုက်နိုင်ဘူး၊ အစိုးရကို သူ ဖြုတ်မချနိုင်ဘူး၊ ယူကရိန်းရဲ့ အချုပ်အခြာကို သူဖယ်ရှားမပစ်နိုင်ဘူး၊ အချို့ လူနည်းတဲ့ နေရာလေးတွေလောက်ပဲ သူ့လူတွေ ထိန်းထားနိုင်တာ၊ ဒုံးကျည်နဲ့ အဝေးကပဲ လှမ်းပစ်နေတာပါ၊ သူဆက်လုပ်ချင်တဲ့အတိုင်း သူ့လူတွေ ရှေ့မဆက်နိုင်တော့ပါဘူး” လို့ ပြောပါတယ်။
ဂျွန်ကာဘီက ‘ကာမီကာဇီ’ လို့ အမည်ပေးထားတဲ့ Switchblade ဒရုန်း ၁၀၀ နဲ့ Javelin တင့်ကားဖျက်စနစ်တွေ ယူကရိန်းကို အမြန်ဆုံး ပို့ပေးသွားဖို့ ဆွေးနွေးနေပြီး အဲဒီကာကွယ်ရေးစနစ်တွေက ရှုပ်ထွေးပေမဲ့ ယူကရိန်းတို့ အသုံးပြုတတ်အောင် သင်ပေးထားပြီး ဖြစ်တယ်လို့လည်း ပြောပါတယ်။