တဲလ်အဗီမြို့ရှိ ဘားဆိုင်တဆိုင်တွင် ပစ်ခတ်မှုဖြစ်၊ အနည်းဆုံး လူ ၂ ဦးသေဆုံး

အစ္စရေးနိုင်ငံ တဲလ်အဗီမြို့က အထင်ကရ တဲလ်အဗီရိပ်သာလမ်းမှာရှိတဲ့ ဘားဆိုင်တဆိုင်မှာ အာရပ်သေနတ်သမားလို့ သံသယရှိသူတယောက်က လူ ၂ ယောက်ထက်မနည်းကို သတ်ခဲ့တယ်လို့ ရဲတွေနဲ့ ဆေးရုံအရာရှိတွေက ပြောပါတယ်။
ဒါဟာ အစ္စရေးရဲ့ လမ်းတွေပေါ်မှာ ဆက်တိုက်ဖြစ်နေတဲ့ လူသေတဲ့အထိ တိုက်ခိုက်မှုတွေထဲက နောက်ဆုံးတိုက်ခိုက်မှုပါ။
သီတင်းပတ်ကုန်ရက် အစပိုင်းက ပစ်ခတ်မှုဟာ အမျိုးသားရေးဝါဒီ အာရပ်တိုက်ခိုက်ရေးသမားရဲ့ လုပ်ရပ်ဖြစ်ပြီး ဘီယာဆိုင်ထဲ ဝင်လာချိန်မှာ ပစ်ခတ်ခဲ့တာလို့ မြို့တော်ဝန်က ပြောပါတယ်။ ပစ်ခတ်မှုကြောင့် လူ ၃ ယောက်လည်း အပြင်းအထန် ဒဏ်ရာရခဲ့ပါတယ်။
အခင်းဖြစ်ရာနေရာကို ရာချီတဲ့ အရေးပေါ် ကယ်ဆယ်ရေးဝန်ထမ်းတွေနဲ့ ရဲတွေ ရောက်လာပြီး ပစ်ခတ်သူကို လိုက်ရှာရင်း ဒေသခံတွေ အခန်းထဲမှာ နေကြဖို့ ပြောခဲ့ပါတယ်။
လက်နက်ကိုင် အရာရှိတွေက လမ်းထဲကို ပြေးဝင်လာပြီး လူစည်ကားတဲ့ လမ်းထဲနဲ့ လမ်းသွယ်တွေထဲမှာ တိုက်ခိုက်သူကို ခြေရာခံဖို့ ကြိုးစားနေတုန်း ရဲရဟတ်ယာဉ်က ကောင်းကင်ကနေ မီးထိုး ရှာဖွေနေပုံကို ရုပ်သံဌာနက ထုတ်လွှင့် ပြသပါတယ်။
ဒီတိုက်ခိုက်မှုကို ပါလက်စတိုင်း အစ္စလာမ္မစ်အုပ်စုဖြစ်တဲ့ ဟားမတ်စ် စစ်သွေးကြွတွေက ချီးကျူးလိုက်ပါတယ်။
ဧပြီ ၇ ရက်နေ့ ပစ်ခတ်မှုမတိုင်ခင်က အစ္စရေးမှာ တလအတွင်း လူ ၁၁ ယောက်ကို အာရပ် တိုက်ခိုက်ရေးသမားတွေက ပစ်သတ်ခဲ့လို့ ပြီးခဲ့တဲ့နှစ်တွေအတွင်း လူသတ်မှု အများဆုံးနှစ် ဖြစ်ခဲ့ပါတယ်။