close

ရုရှား ထုတ်ပြန်သည့် ဇီဝဗေဒဆိုင်ရာ စစ်ဘက်စာတမ်းများကိစ္စ ရှင်းပေးရန် ကုလကို တရုတ် တိုက်တွန်း

ဇီဝဗေဒဆိုင်ရာ စစ်ဘက် စာရွက်စာတမ်းတွေကို ရုရှားက ထုတ်ပြန်လိုက်ပြီးတဲ့နောက် အဲဒီကိစ္စကို ရှင်းလင်းပေးဖို့ တရုတ်က ကုလသမဂ္ဂမှာ ဧပြီ ၆ ရက်က တိုက်တွန်း ဆော်ဩလိုက်ပါတယ်။

အမေရိကန်ဟာ ကမ္ဘာ့ဒေသအသီးသီးမှာ စစ်ဘက်ဇီဝဆိုင်ရာ အလားအလာတွေကို တစိုက်မတ်မတ် တည်ဆောက်နေတယ်လို့ ရုရှားစစ်တပ်က ဧပြီ ၆ ရက်နေ့မှာ ပြောလိုက်တာပါ။

တရုတ် ဒုတိယအမြဲတမ်းကိုယ်စားလှယ် ဒိုင်ဘင်က ဘယ်လိုအခြေအနေအောက်မှာမဆို ဘယ်နိုင်ငံကမဆို ဇီဝနဲ့ ဓာတုလက်နက်တွေကို တီထွင်၊ သိုလှောင်၊ သုံးစွဲတာမျိုးကို တရုတ်က ခိုင်ခိုင်မာမာ ဆန့်ကျင်တယ်လို့ ကုလလုံခြုံရေးကောင်စီ အစည်းအဝေးအတွင်း ပြောပါတယ်။

ဇီဝလက်နက် သဘောတူညီချက် မူဘောင်အောက်မှာ ရုရှားကတင်သွင်းတဲ့ စာရွက်စာတမ်းတွေကို အကဲဖြတ်ဖို့သူက နိုင်ငံတကာလူ့အဖွဲ့အစည်းကို ဆော်ဩလိုက်သလို မျှတပြီး ဘက်မလိုက်တဲ့ လုပ်ရပ်နဲ့ ရှင်းလင်းတာကို နားထောင်ဖို့ကိုလည်း ကုလသမဂ္ဂကို နှိုးဆော်ပါတယ်။

တရုတ်နိုင်ငံဟာ ဇီဝလက်နက်တွေ အပါအဝင် အစုလိုက်အပြုံလိုက် ဖျက်ဆီးနိုင်တဲ့ လက်နက်အားလုံးကို စေ့စေ့စပ်စပ်တားမြစ်ဖို့ အမြဲတမ်း ထောက်ခံအားပေးခဲ့တယ်လို့ သူက မှတ်ချက်ပြု ပြောဆိုပါတယ်။

ဇီဝလက်နက်များဆိုင်ရာ သဘောတူစာချုပ်မှာ ပါဝင်လက်မှတ်ထိုးထားသူ အားလုံးဟာလည်း စာချုပ်ရဲ့ ရည်ရွယ်ချက် စည်းမျဉ်းတွေကို ဂရုတစိုက် လေ့လာသင့်တယ်လို့ သူက ပြောပါတယ်။

ရုရှားစစ်တပ် ဓာတ်ရောင်ခြည်၊ ဓာတုနဲ့ ဇီဝဆိုင်ရာ ကာကွယ်ရေးတပ် အကြီးအကဲ အစ်ဂေါ ခီရေးလာ့ဗ်ကတော့ အမေရိကန်အစိုးရဟာ မတူတဲ့ နိုင်ငံတွေမှာ ဇီဝဓာတ်ခွဲခန်းတွေကို ဖန်တီးပြီး တစုတစည်း စနစ်တကျ ချိတ်ဆက်ထားတယ်လို့ ပြောပါတယ်။

ရုရှားနဲ့ တရုတ်နယ်စပ်တွေနားက ဒေသတွေမှာတင်ကို ၂၀၀၅ ကစပြီး အမေရိကန်စစ်တပ်က ရန်ပုံငွေ ထောက်ပံ့ထားတဲ့ ခေတ်မီပံ့ပိုးမှု အင်္ဂါရပ် ၆၀ လောက် ရှိတယ်လို့လည်း သူက ပြောပါတယ်။

အမေရိကန်ဟာ အဲဒီအချိန်ကစပြီး စစ်ဘက် ဇီဝဆိုင်ရာ အစီအစဉ်တွေအတွက် အမေရိကန် ဒေါ်လာ ၅ ဘီလျံကျော် သုံးစွဲထားတယ်လို့လည်း ခီရေးလာ့ဗ်က ပြောခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up