အာရှခြေစစ်ပွဲအောင်ရန် တတိယလုပွဲကို အနိုင်ကစားမည်ဟု မြန်မာဖူဆယ်နည်းပြ ပြော

အာရှခြေစစ်ပွဲအောင်မြင်ဖို့အတွက် အာဆီချန်ပီယံရှစ်တတိယလုပွဲကို အနိုင်ကစားသွားဖို့ ကြိုးပမ်း မယ်လို့ မြန်မာဖူဆယ်နည်းပြ ဘန်လတ်ချိုဝါရန်က ပြောပါတယ်။
မြန်မာဖူဆယ်အသင်းဟာ မနေ့က ယှဉ်ပြိုင်ခဲ့တဲ့ အင်ဒိုနီးရှားနဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ၆ ဂိုး ၁ ဂိုး နဲ့ ရှုံးနိမ့်ပြီး ဗိုလ်လုပွဲတက်ခွင့် လွဲချော်ခဲ့တာပါ။
“အင်ဒိုနီးရှားအသင်းနဲ့ ကစားသမားတွေအတွက် ဂုဏ်ယူပါတယ်။ သူတို့အသင်းအနေနဲ့ နည်းစနစ်၊ နည်းဗျူဟာ ကြွယ်ဝစွာ ကစားနိုင်ခဲ့တယ်။ ကျနော့် ကစားသမားတွေလည်း အကောင်းဆုံးကြိုးစားကစားခဲ့ကြပါတယ်။ အာရှခြေစစ်ပွဲအောင်ဖို့အတွက် ဒီပြိုင်ပွဲမှာ တတိယ ရဖို့ အစွမ်းကုန်ကြိုးစားသွားပါမယ်။ ဒီပွဲရဲ့ အမှားတွေကို သေချာပြန်လည်သုံးသပ်ပြီး တတိယလုပွဲအတွက် ပြင်ဆင်သွားပါမယ်” လို့ ပြောပါတယ်။
မြန်မာအသင်းဟာ ဒီကနေ့ကစားမယ့် ထိုင်းနဲ့ ဗီယက်နမ်တို့ရဲ့ ဆီမီးဖိုင်နယ်ပွဲက ရှုံးနိမ့်တဲ့အသင်းနဲ့ တတိယလုပွဲ ကစားသွားရမှာပါ။
အာရှဖူဆယ်ဖလားပြိုင်ပွဲရဲ့ ခြေစစ်ပွဲစဉ်တွေကို ဒေသ အလိုက်သတ်မှတ်ပြီး ယှဉ်ပြိုင်ကစားနေကြရာမှာ အာဆီယံဇုန်က ထိပ်ဆုံး ၃ သင်း ခြေစစ်ပွဲအောင်မြင်မှာပါ။
မြန်မာအသင်းအနေနဲ့ အာရှဖူဆယ်ပြိုင်ပွဲကို ဝင်ပြိုင်ခွင့်ရဖို့ဆိုရင် တတိယလုပွဲမှာ အနိုင်ရရှိဖို့ လိုအပ်ပါတယ်။