တန့်ဆည်နှင့် တမူးမြို့နယ်တို့တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်

စစ်ကိုင်းတိုင်း တန်ဆည်မြို့နဲ့ တမူးမြို့နယ်တို့မှာ ဧပြီ ၇ ရက်နဲ့ ၈ ရက်နေ့တွေက စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
တန့်ဆည်မြို့နယ် ရွှေဥယျာဉ်အနီးမှာ စစ်ကောင်စီတပ်ကို ဒီနေ့မနက် ၉ နာရီလောက်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ တန့်ဆည်ဖီးနစ်ကာကွယ်ရေးတပ်က ထုတ်ပြန်ထားပါတယ်။
မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်က သုံးပွင့်အဆင့် အရာရှိ ၂ ဦးနဲ့ ထွေအုပ်အကြီးအကဲ ၁ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

တမူးမြို့နယ်မှာလည်း ဧပြီ ၇ ရက်နေ့က တမူး PDF တပ်ဖွဲ့ဝင်တွေ တမူး-အောင်ဇေယျ ကားလမ်းပိုင်းမှာ နယ်မြေရှင်းလင်းရေးနဲ့ ယာဉ်စစ်ဆေးရေးလုပ်ငန်းတွေ ဆောင်ရွက်နေစဉ် တမူးမြို့ဘက်မှ တက်လာတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီး ပူးပေါင်းတပ်ဖွဲ့ဝင်တွေ ရောက်ရှိလာတာကြောင့် နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ တမူး PDF က ထုတ်ပြန်ပါတယ်။
အဲ့ဒီပစ်ခတ်မှု ဖြစ်စဉ်အတွင်း စစ်ကောင်စီတပ်ဘက်က ၃ ဦး သေဆုံးကာ သေဆုံးသူတွေကို စစ်ကောင်စီ တပ်သားတွေက ကားပေါ် ကောက်တင်ပြီး တမူးမြို့တွင်းကို ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်း မျက်မြင်ပြည်သူတွေက ပြောပါတယ်။
တမူး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အနေနဲ့ အထိအခိုက်မရှိဘဲ အောင်အောင်မြင်မြင် ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ တမူး PDF ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
တမူး PDF က တမူး-အောင်ဇေယျ ကားလမ်းပိုင်းမှာ နယ်မြေရှင်းလင်းရေးနဲ့ ယာဉ်စစ်ဆေးရေး လုပ်ငန်းစဉ်တွေကို ဆက်လက်ဆောင်ရွက်သွားမယ်လို့ အသိပေး ထုတ်ပြန်ပါတယ်။
တမူး PDF တပ်ရင်း ၁ ကလည်း တမူးမြို့မှာ ကျင်းပမယ့် စစ်ကောင်စီရဲ့ သင်္ကြန်ရေကစားမဏ္ဍပ်တွေကို ပြည်သူတွေ မလည်ပတ်ကြဖို့ ဧပြီ ၇ ရက်နေ့က သတိပေးချက် ထုတ်ပြန်ထားပါတယ်။
တမူးမြို့ပေါ်မှာ ဒေသခံ PDF တွေ ဝန်းရံပြီး ဧပြီ ၆ ရက်နေ့က စစ်အာဏာရှင်ကျဆုံးရေး လူထုသပိတ်ပွဲကို ဆင်နွှဲခဲ့ကြပါသေးတယ်။
တန့်ဆည်နဲ့ တမူးတိုက်ပွဲတွေနဲ့ပတ်သက်ပြီး ထိခိုက်ကျဆုံးမှုအခြေအနေကို စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။