close

ဘုတလင်မြို့နယ်တွင် ရဲစခန်းတိုက်ခိုက်ခံရ၊ စစ်ယာဉ်တန်း မိုင်းဆွဲခံရ

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ကူတော်ကျေးရွာရဲစခန်းကို  ဧပြီ ၈ ရက် ညပိုင်းမှာ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဝင်ရောက်စီးနင်း မီးရှို့ဖျက်စီးလိုက်တဲ့အတွက် ရဲတပ်ဖွဲ့ဝင်တွေ ထွက်ပြေးတိမ်းရှောင်သွားတယ်လို့  ဒေသခံတွေထံက သိရပါတယ်။

"ည ၉ နာရီလောက်မှာ ပြည်သူ့ကာကွယ်ရေးတပ်က ကူတော်ရဲစခန်းကို မီးရှို့ဖျက်ဆီးတာ။ ရဲတွေကတော့ ထွက်ပြေးသွားလို့ ကာကွယ်ရေးတပ်က အနောက်က လိုက်ပစ်တယ်။ အထိအခိုက်အကျအဆုံးတော့ရှိနိုင်တယ် သေချာတော့မသိဘူး "လို့ ဒေသခံက ပြောပါတယ်။

ရဲစခန်းမီးရှို့ခံရပြီးနောက်  ည ၁၂ နာရီလောက်မှာ စစ်ကောင်စီက ရဟတ်ယာဉ်နဲ့ မိနစ် ၂၀ လောက် လာပစ်ခတ်တဲ့အတွက် ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆက်လက်ပြောပါတယ်။

ကူတော်ရွာရဲစခန်းကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေက ပြီးခဲ့တဲ့ ဇန်နဝါရီလ မှာ ပထမအကြိမ်ဝင်ရောက်ဆီးနင်းတိုက်ခိုက်ခဲ့ပါသေးတယ်။

အလားတူ စစ်ကိုင်းတိုင်း မုံရွာ နမခကနေ ဘုတလင်မြို့ဘက် စစ်ကူထွက်လာတဲ့ စစ်ကားတွေကိုလည်း မနေ့ညက တကြိမ် ဧပြီ ၉ ရက် ဒီမနက် အစောပိုင်းမှာ တကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့လို့  စစ်ကား ၄ စီး ပျက်စီးသွားတယ်လို့  ဒေသခံပြည်သူ့ကာကွယ်ရေး စပရိုက်အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

“ထနှောင်းကုန်းရွာရဲ့ မြောက်ဘက်နားမှာ ကျနော်တို့ မိုင်းဆွဲခဲ့တယ်ဗျ။ ကားနှစ်စီး အရင်မိုင်းဆွဲခဲ့တယ်။ နောက်အလောင်းလာကောက်တဲ့ အချိန်ကားနှစ်စီးကို ထပ်မံဆွဲခဲ့တယ်ဗျ။ မိုင်းကလေးလုံးသုံးခဲ့တယ်ဗျ”လို့ပြောပါတယ်။ 

မိုင်းဆွဲတိုက်ခိုက်ရာမှာ စစ်ကောင်စီဘက်က အကျဆုံးရှိနိုင်တယ်လို့ ဒေသခံတွေက ပြောပေမဲ့ အတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။

မိုင်းဆွဲတိုက်ခိုက်မှုကို Anonymous Hero Guerrilla Force ပြောက်ကျားတပ်ဖွဲ့နဲ့ စပရိုက်ပြောက်ကျားတပ်တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး ဘုတလင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က  လက်နက်ငယ်နဲ့ ပစ်ကူပေးခဲ့တယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up