လီဗာပူးကို အနိုင်မရခဲ့သော်လည်း ခြေစွမ်းပြသနိုင်ခဲ့ဟု နည်းပြ ဂွါဒီယိုလာ ပြော

လီဗာပူးအသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အနိုင်မရခဲ့ပေမယ့် အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့တာကြောင့် ခေါင်းမော့နိုင်ခဲ့တယ်လို့ နည်းပြ ဂွါဒီယိုလာကပြောပါတယ်။
မန်စီးတီးအသင်းဟာ လီဗာပူးအပေါ် ၂ ကြိမ် တိုင်တိုင် ဦးဆောင်ဂိုးသွင်းခဲ့ပေမယ့် လီဗာပူးက ချေပဂိုးတွေ လိုက်သွင်းခဲ့လို့ ပွဲအပြီးမှာ ၂ ဂိုးစီ သရေကျခဲ့တာပါ။
ပွဲကောင်းတပွဲဖြစ်ခဲ့ပြီး လီဗာပူးအသင်းအပေါ် ဂိုးသွင်းခွင့်တွေ အများကြီး ဖန်တီးနိုင်ခဲ့တာကြောင့် ဂုဏ်ယူစရာကောင်းပြီး ခေါင်းမော့ထားနိုင်တဲ့ ခြေစွမ်းဖြစ်ခဲ့တယ်လို့ ဂွါဒီယိုလာက ပြောပါတယ်။
“ပွဲကောင်းတပွဲဖြစ်ခဲ့တယ်။ ပွဲကို ပြန်လည်သုံးသပ်မှာဖြစ်ပေမယ့် အခွင့်အရေးတခု လွဲချော်ခဲ့ရတယ်လို့တော့ ခံစားမိတယ်။ သူတို့အသက်ရှင်ကျန်ရစ်သေးတယ်ဆိုတဲ့ ခံစားချက်တခု ပေါ့။ ဒါပေမယ့်ပွဲအပြီးမှာတော့ ကစားသမားတွေကို ခေါင်းမော့ထားကြပါ။ ဝမ်းနည်းမှု တစ်စက္ကန့်တောင် မဖြစ်ကြနဲ့လို့ ပြောခဲ့တယ်။ ကျနော်တို့ဘက်က အခွင့်အရေးတွေ အများကြီးဖန်တီးနိုင်ခဲ့တာပါ။ ထူးချွန်တဲ့ ခြေစွမ်းပြသနိုင်ခဲ့ပြီး အသင်းအတွက်ဂုဏ်ယူပါတယ်။ ပွဲတိုင်းကို အနိုင်ကစားမှရတော့မယ်ဆိုတာ ကျနော်တို့သိထားတယ်” လို့ နည်းပြဂွါဒီယိုလာက ပြောပါတယ်။
မန်စီးတီးအသင်းဟာ လီဗာပူးနဲ့ သရေကျခဲ့ပေမယ့် လက်ကျန် ၇ ပွဲအလိုမှာ ၁ မှတ်အသာနဲ့ အမှတ်ပေးဇယားထိပ်ဆုံးမှာ ဆက်လက်ရပ်တည်နိုင်ခဲ့ပါတယ်။