close

စစ်ကောင်စီနှင့်ပူးပေါင်းသည့် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီနှင့် အသင်းချုပ်တို့ကို NUG က ဖျက်သိမ်း

မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီနဲ့ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်တို့ကို ဖျက်သိမ်းလိုက်ကြောင်း  အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန် ကြေညာပါတယ်။

NUG အစိုးရ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလက ဒီကနေ့ ဧပြီ ၁၁ ရက်စွဲနဲ့ လက်မှတ် ရေးထိုးထုတ်ပြန်လိုက်တဲ့ ကြေညာချက်ထဲမှာတော့ အဆိုပါ အဖွဲ့အစည်း ၂ ခုဟာ နိုင်ငံတည်ဆောက်ရေးနဲ့ အများပြည်သူတွေ ဘေးအန္တရာယ်ကင်းရှင်းရေးကို ကာကွယ်ကာ တာဝန်ယူဆောင်ရွက်ပေးရမယ့်အစား ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို အန္တရာယ်ပြု ဖျက်ဆီးနေတဲ့ အာဏာသိမ်းစစ်ကောင်စီနဲ့ ပူးပေါင်း ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီက လိုင်စင်ကြေးတွေကို အဓမ္မကောက်ခံပြီး အဆိုပါငွေကြေးတွေကို ဆောက်လုပ်ရေးဝန်ကြီးဌာနကို ပေးအပ်ကာ အာဏာသိမ်းစစ်ကောင်စီရဲ့ လုပ်ငန်းတွေမှာ တတပ်တအား ပါဝင်ဆောင်ရွက်ပေးနေတာကို အထောက်အထား ခိုင်လုံစွာနဲ့ သိရှိရတယ်လို့ ဆိုပါတယ်။

ဒါကြောင့်မို့ အဆိုပါ အဖွဲ့အစည်း ၂ ခုကို တာဝန်ယူထိန်းကျောင်းဆောင်ရွက်နေတဲ့ နာယကတွေ၊ ကောင်စီဝင်တွေ၊ ဗဟိုကော်မတီဝင်တွေ၊ သက်ဆိုင်ရာ ဆက်စပ်ကော်မတီဝင်တွေ အားလုံးရဲ့ လက်ရှိသက်တမ်းကို ဖျက်သိမ်းပြီး တာဝန်ကနေ ရပ်ဆိုင်းလိုက်တယ်လို့ ကြေညာချက်ထဲမှာ ဖော်ပြပါတယ်။

တာဝန်ကနေ ရပ်ဆိုင်းခံရသူအားလုံးရဲ့ လုပ်ငန်းဆောင်ရွက်မှုတွေအားလုံးကို တရားဝင်မှု မရှိကြောင်း သတ်မှတ်လိုက်ပြီး သက်တမ်း အသစ်ဖွဲ့စည်းတာတွေအားလုံးကို NUG အစိုးရ နိုင်ငံတော်သမ္မတရုံးကနေ နောက်ထပ်အမိန့်တစုံတရာ ထပ်မံထုတ်ပြန်တဲ့အထိ ရပ်ဆိုင်းထားရမယ်လို့လည်း ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up