close

ယင်းမာပင်နှင့်ကလေးမြို့နယ် ကျေးရွာအချို့ကို စစ်​ကောင်စီတပ်က ဝင်ရောက်မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း ယင်းမာပင်နဲ့ ကလေးမြို့နယ်တို့မှာ ဒီနေ့မနက်ပိုင်းက ကျေးရွာအချို့ကို စစ်ကောင်စီတပ်တွေ ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ယင်းမာပင်​မြို့နယ် ထန်းဇင်​ကျေးရွာအနီး မုံရွာ-ယာကြီး-က​လေးဝ လမ်း​ဘေးဝဲယာရှိ (​ဒေသ​ခေါ်  -ရေ​သောက်ကန်​တောပြင်) ​ပြည်သူ​တွေရဲ့ နေအိမ်​တွေကို ဧပြီ ၁၁ ရက် မနက်ပိုင်း ၁၀ နာရီဝန်းကျင်​လောက်မှာ စစ်​ကောင်စီတပ်နဲ့ ပျူ​စောထီးအဖွဲ့​တို့ ပူး​ပေါင်းပြီး မီးရှို့ဖျက်ဆီး​ခဲ့ကြတာကြောင့် အနည်းဆုံး နေအိမ် ၁၀ လုံးလောက် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ​ဒေသခံတွေက ​ပြောပါတယ်။

လက်ရှိအချိန်ထိ စစ်​ကောင်စီတပ်နဲ့ပျူ​စောထီးအဖွဲ့တို့ဟာ မီးရှို့တဲ့​နေရာအနီးမှာဘဲ ရှိ​နေ​သေးပြီး ​ဒေသခံပြည်သူ​​တွေ သွားမကြည့်ရဲတာ​ကြောင့် ​မီး​လောင်ဆုံးရှုံးမှုအ​ရေအတွက်အတိအကျနဲ့ အိမ်ပိုင်ရှင်​တွေရဲ့ အမည်​တွေ မသိရ​သေးဘူးလို့ ​ ​​ဒေသခံတဦးက ပြောပါတယ်။

စစ်​​ကောင်စီတပ်နဲ့ ပျူ​စောထီးအဖွဲ့တို့ဟာ ဘန့်​ဘွေးရွာမ​ကျေးရွာအတွင်း တပ်စွဲ​နေထိုင်လာခဲ့တာ အချိန် ၂ လဝန်းကျင်​​ရှိပြီဖြစ်ပြီး အနီးနားရှိကျေးရွာ​တွေကိုလည်း ဝင်​ရောက်​ မွှေ​နှောက်ဖျက်ဆီး မီးရှို့နေတာကြောင့် ကျေးရွာ ၄ ရွာ​လောက်က ​ဒေသခံပြည်သူတွေ အိုးအိမ်စွန့်ခွာ ထွက်​ပြေး​ နေကြရပြီး အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်​နေကြရတယ်လို့ သိရပါတယ်။

ကလေးမြို့နယ်၊ နတ်ချောင်းကျေးရွာက နေအိမ်တွေကိုလည်း ဧပြီ ၁၁ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဧပြီ ၁၀ ရက်‌ ည‌နေပိုင်းကလည်း ချောင်းခွကျေးရွာကို ဝင်ရောက်လာတဲ့ စစ်ကောင်စီ တပ်သားတွေဟာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။

ဒေသခံတဦးက “အခုတော့ ပြေးနေရတယ်။ ရွာနဲ့မနီးမဝေး သူတို့နဲ့လွတ်မယ့်နေရာပေါ့။ ရွာကို မီးရှို့နေတာတော့ မြင်နေရတယ်။ အိမ်ခြေဘယ်လောက် ရှို့ခံရလဲဆိုတာတော့ မမြင်ရတဲ့အတွက် အသေအချာ မပြောနိုင်ဘူး။ မီးခိုးတွေ မြင်ရပုံအရ ဆိုရင်များနိုင်တယ်” လို့ ‌ ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ ကလေးနယ်တောင်ပိုင်းက ရွာတွေကို ထိုးစစ်ဆင်နေပြီး ပြည်သူလူထုရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးကာ ဒေသခံတွေကိုလည်း ဖမ်းဆီးသတ်ဖြတ်နေတယ်လို့ ဆိုပါတယ်။

လတ်တလောမှာ ကလေး-ဂန့်ဂေါလမ်းပိုင်းမှာ စစ်ကောင်စီတပ်သားတွေနဲ့ ကလေး PDF တပ်ဖွဲ့ဝင်တွေကြား တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်ရေး တင်းမာနေတာကြာင့် ဒေသခံတွေအနေနဲ့ ခရီးသွားလာတာ မလုပ်ဖို့ကိုလည်း ကလေး PDF က‌ သတိပေးထုတ်ပြန်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up