close

စစ်တွေမြို့တွင် စစ်ကောင်စီတပ်အင်အားတိုးချပြီး ရှာဖွေစစ်ဆေးဖမ်းဆီးမှုများ ပြုလုပ်

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ အခုရက်ပိုင်းအတွင်း စစ်ကောင်စီက တပ်အင်အားတိုးချနေပြီး နေအိမ်တချို့ကို ဝင်ရောက်စစ်ဆေး ရှာဖွေဖမ်းဆီးတာတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ဟုတ်တယ်။ သင်္ကြန်ကို အကြောင်းပြပြီး စစ်ကောင်စီက စစ်တွေမြို့ပေါ်မှာ အင်အားတိုးချနေတယ်။ လမ်းသွားလမ်းလာတွေရဲ့ ဆိုင်ကယ်တွေကို စစ်တယ်။ နေအိမ်တချို့ကို ရှာဖွေ စစ်ဆေးတယ်။ ဖမ်းဆီးမှုတွေပါ လုပ်နေကြတာရှိတယ်” လို့ စစ်တွေဒေသခံတဦးက ပြောပါတယ်။

စစ်တွေမြို့တွင်းမှာ ဧပြီ ၁၀ ရက်နေ့ကစပြီး စစ်ကောင်စီတပ် အင်အားအများအပြား တိုးချဲ့ချထားပြီး မီးစက်ကြီးခွဆုံအနီးနဲ့ ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးရှေ့တွေမှာ လမ်းသွားလမ်းလာ ဒေသခံတွေရဲ့ ဆိုင်ကယ်ဘောက်တွေကို ရှာဖွေစစ်ဆေးနေတယ်လို့ စစ်တွေဒေသခံတွေက ပြောပါတယ်။

ဧပြီ ၉ ရက်နေ့ကလည်း စစ်တွေမြို့၊ ငပွန်းချေကျေးရွာ မွတ်ဆလင်ရာအိမ်မှူး ဦးဆီးဒီးအာမတ်နဲ့ ဦးအာဒူးရှုးကူး တို့နှစ်ဦးကို အေအေနဲ့ဆက်သွယ်တယ်ဆိုပြီး ဖမ်းဆီးသွားတယ်လို့ ဆိုပါတယ်။

စစ်တွေမြို့၊ တောကန်ကျေးရွာရှိ အေအေနဲ့ပတ်သက်တဲ့ နေအိမ်တအိမ်ကိုလည်း ရဲတပ်ဖွဲ့ဝင် ၄ ဦးနဲ့ စစ်တပ်အင်အား ၂၀ ဦးလောက်က ဝင်ရောင်ရှာဖွေပြီး မှတ်တမ်းဓာတ်ပုံတွေပါ ရိုက်ယူသွားတယ်လို့ ကျေးရွာဒေသခံတွေက ပြောပါတယ်။

“ရာအိမ်မှူး ၂ ဦးက အေအေနဲ့ ဆက်သွယ်တယ်ဆိုပြီး လာဖမ်းသွားတာ။ အခုထိ အဆက်အသွယ်မ မသေးပါဘူး။ တောကန်ကျေးရွာမှာ အေအေက တရားစစ်ဆေးတဲ့ နေအိမ်တစ်လုံးကိုလည်း စီးနင်းရှာဖွေပြီး မှတ်တမ်းဓာတ်ပုံတွေ ရိုက်သွားတာတွေ ရှိတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဝါဘိုကျေးရွာနဲ့ တောကန်ကူးတို့ဆိပ်မှာ လက်ရှိ တပ်စွဲထားတာကြောင့် ကျေးရွာ ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

လူဦးရေ ၇၀၀ လောက်ရှိတဲ့ ငပွန်းကျေးရွာမှာလည်း ရာအိမ်မှူ ၂ ဦး ဖမ်းဆီးသွားတာကြောင့် အနီးအနား ကျေးရွာဒေသခံတွေက စိုးရိမ်နေကြတယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up