ဂါရတ်ဘေးလ်အား လှောင်ပြောင်မှုမလုပ်ကြရန် ရီးရဲလ်ပရိသတ်ကို ကတ်စမဲရိုး တောင်းဆို

ရီးရဲလ်မက်ဒရစ် တောင်ပံတိုက်စစ်မှူး ဂါရတ်ဘေးလ်ကို လှောင်ပြောင်မှုတွေ မလုပ်ကြဖို့ အသင်းပရိသတ်တွေကို ကွင်းလယ်လူ ကတ်စမဲရိုးက ပြောပါတယ်။
ဂါရတ်ဘေးလ်ဟာ မက်ဒရစ်ကလပ်မှာ ပွဲထွက်ခွင့်ပျောက်ဆုံးနေပြီး ပရိသတ်တွေရဲ့ ဝေဖန်မှုကိုလည်း ခံနေရတာပါ။
ဂီတာဖေးကို အနိုင်ရတဲ့ ပြီးခဲ့တဲ့တပတ်က ပွဲစဉ်မှာ ဂါရတ်ဘေးလ် လူစားလဲ ဝင်ရောက်ကစားချိန်မှာ မက်ဒရစ်ပရိသတ်တွေက လှောင်ပြောင်မှုတွေ ပြုလုပ်ခဲ့ကြတာပါ။
ကွင်းလယ်လူ ကတ်စမဲရိုးကတော့ ဘေးလ်ကို လှောင်ပြောင်တာဟာ အသင်းရဲ့သမိုင်းကို ပြန်ပြီးလှောင်ပြောင်ရာရောက်လို့ ပရိသတ်တွေအနေနဲ့ လေးစားမှုထားသင့်ကြောင်း တိုက်တွန်းသွားပါတယ်။
“ပရိသတ်တွေက ဘေးလ်ကို လှောင်ပြောင်အော်ဟစ်တဲ့အချိန်မှာ ကျနော် သဘောမကျပါဘူး။ သူက ရီးရဲလ်မက်ဒရစ်အတွက် သမိုင်းဝင် ကစားသမားတဦးပါ။ ဘေးလ်ကို လှောင်ပြောင်တာက အသင်းသမိုင်းကို လှောင်ပြောင်တာနဲ့ အတူတူပါပဲ” လို့ ကတ်စမဲရိုးက ပြောပါတယ်။
ဂါရတ်ဘေးလ်ဟာ ရီးရဲလ်မက်ဒရစ်နဲ့အတူ ချန်ပီယံလိဂ်ဆုဖလား ၄ ကြိမ် ရယူနိုင်ခဲ့ပြီး ၂၀၁၄ နဲ့ ၂၀၁၈ ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်တွေမှာ အနိုင်ဂိုးတွေ သွင်းယူပေးခဲ့တာပါ။
အသင်းနဲ့အတူ စံချိန်တင်အောင်မြင်မှုတွေ ရယူနိုင်ခဲ့သူဖြစ်တာကြောင့် ဂါရတ်ဘေးလ်အပေါ် လှောင်ပြောင်မှုတွေနဲ့ ပတ်သက်ပြီး ကတ်စမဲရိုးက ကာကွယ်ပေးခဲ့တာဖြစ်ပါတယ်။
ဘေးလ်ဟာ အခုနှစ်လာလီဂါမှာ စုစုပေါင်း ၅ ပွဲသာ ကစားခွင့်ရသေးပြီး ၁ ဂိုးသာ သွင်းယူထားပါတယ်။