မန်စီးတီးနှင့် လီဗာပူး ချန်ပီယံလိဂ် ဆီမီးတက်

ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်တွေကို ဧပြီ ၁၃ ရက်ညက ဆက်လက်ယှဉ်ပြိုင်ရာ အင်္ဂလန်ထိပ်သီးအသင်းတွေဖြစ်တဲ့ မန်စီးတီးနဲ့ လီဗာပူးတို့ ဆီမီးဖိုင်နယ်ကို အသီးသီး တက်ရောက်သွားပါတယ်။
မန်စီးတီးနဲ့ စပိန်ထိပ်သီးအက်သလက်တီကိုမက်ဒရစ်တို့ ပွဲစဉ်မှာ ဂိုးမရှိသရေ ရလဒ် ထွက်ခဲ့ပေမဲ့ ပထမအကျော့ မန်စီးတီးကွင်းမှာ အိမ်ရှင်အသင်းက ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရထားတာကြောင့် ဆီမီးဖိုင်နယ်ကို တက်ရောက်သွားနိုင်တာပါ။
နှစ်သင်းစလုံး နောက်တဆင့်တက်နိုင်ရေး အားသွန်ခွန်စိုက် ကြိုးစားကစားခဲ့ကြလို့ ပွဲက ကြည့်ကောင်းခဲ့သလို ပွဲကြမ်းတပွဲလည်း ဖြစ်ခဲ့ပါတယ်။
ဒီပွဲမှာ မန်စီးတီးရော တီကိုပါ အဝါကတ် ၅ ကတ်စီ အပြခံခဲ့ရသလို ပွဲပြီးခါနီးမှာ နှစ်ဖက်ကစားသမားတွေ ရုန်းရင်းဆန်ခတ်ဖြစ်လို့ ပွဲကို ထိန်းသိမ်းခဲ့ရပြီး တီကိုနောက်ခံလူ ဖိလစ် နှစ်ဝါတနီနဲ့ အထုတ်ခံခဲ့ရပါတယ်။
ပွဲပြီးခါနီး မန်စီးတီး တယောက်အသာနဲ့ ကစားရပေမယ့်လည်း ပွဲအဖြေကို မပြောင်းလဲနိုင်ဘဲ ဂိုးမရှိသရေရလဒ်နဲ့ပဲ ပွဲပြီးသွားခဲ့ပါတယ်။
လီဗာပူးနဲ့ ပေါ်တူဂီကလပ် ဘင်ဖီကာတို့ ပွဲစဉ်မှာတော့ ဧည့်သည် ဘင်ဖီကာအသင်းက နောက်ကလိုက်ကစားပြီး တဖက် ၃ ဂိုးစီ သရေကျသွားပါတယ်။
ဒီနှစ်သင်း ပေါ်တူဂီမြေမှာ ကစားခဲ့တုန်းက လီဗာပူးက ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရထားလို့ နှစ်ကျော့ပေါင်းရလဒ် ၆ ဂိုး ၄ ဂိုးနဲ့ လီဗာပူးအနိုင်ရပြီး ဆီမီးဖိုင်နယ်ကို တက်လှမ်းသွားတာပါ။
ဒီပွဲမှာ လီဗာပူးအသင်းက အဓိကတိုက်စစ်မှူး ဆာလက်နဲ့ မာနေးတို့ကို အရန်ခုံမှာထားပြီး ဖာမီနို၊ ဂျိုတာ၊ ဒီယက်ဇ်တို့နဲ့ တိုက်စစ်ဆင်ခဲ့တာပါ။
လီဗာပူးနောက်ခံလူ ကိုနာတေးဟာ ဘင်ဖီကာနဲ့ ပထမအကျော့ပွဲစဉ်တုန်းက အဖွင့်ဂိုး သွင်းယူပေးခဲ့သလို အခု ဒုတိယအကျော့မှာလည်း လီဗာပူးအတွက် အဖွင့်ဂိုးကို ခေါင်းတိုက်ပြီး သွင်းယူနိုင်ခဲ့ပါတယ်။
ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ကို စပိန်အသင်းနှစ်သင်းဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်၊ ဗီလာရီးရဲလ်နဲ့ အင်္ဂလန်အသင်းနှစ်သင်းဖြစ်တဲ့ လီဗာပူး၊ မန်စီးတီးတို့ တက်ရောက်နိုင်ခဲ့ပြီး ပထမအကျော့အဖြစ် အင်္ဂလန်မြေမှာ လီဗာပူးနဲ့ ဗီလာရီးရဲလ်၊ မန်စီးတီးနဲ့ ရီးရဲလ်မက်ဒရစ်တို့ လာမယ့် ဧပြီ ၂၆ ရက်ည ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။